Tuesday, June 23, 2009

ဖိတ်စာ နှင့် သော့ချိတ်


သူငယ်ချင်းတွေ အကြောင်းကတော့ ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေပါပြီ။ သူတို့ကလည်း သူတို့ပဲ ပြောစရာလေးတွေ ကျန်ခဲ့အောင်ကို ဖြစ်ကြတာပေါ့။ သူငယ်ချင်းတစ်ယောက် ရဲ့ မင်္ဂလာဆောင်မှာ သွားပြီး သောင်းကျန်းခဲ့တာတွေကို ရေးခဲ့ပြီးတော့ အခု နောက်တစ်ယောက်ပေါ့။ သူ့နာမည်က မယ်ဒယ်ဘွိုင်း ထင်ရှား။ မော်ဒယ် သင်တန်းတက်ပြီး အချစ်ဂျာနယ်မှာတောင် ပါခဲ့ပါသေးတယ်။ တကယ်ပြောတာ မော်ဒယ်ပါဆို..... သူ့မင်္ဂလာမဆောင်ခင် ရက်ပိုင်းအလိုလောက်လေးက အမှတ်တရလေးပေါ့။

သူတို့ နှစ်ယောက်က ကြယ်ငါးပွင့်ဖူးစာပါ။ ဘာဖြစ်လို့လည်းဆိုတော့ မော်ဒယ်ဘွိုင်းရဲ့ အစ်ကိုက သွင်းကုန်၊ ထုတ်ကုန် အေးဂျင့်ပေါ့။ ဒါကြောင့် သူလည်း စထုံးနောက်ယောင်ပါ ဆိုသလို သဘောင်္တင်သွင်းမယ့် ကိစ္စတွေ အတွက် ဒီရုံးကို ချောင်းမရှိပဲ ချောင်းဖြစ်အောင် သွားရတယ်။ အဲဒီမှာ စတွေ့တာပဲ...... သူ့ကောင်မလေးကို ပြောတာ။

သူတို့ သမီးရည်းစား ဖြစ်သွားပြီး ချစ်သမျှမှာ ကိုယ်က ကန့်လန့်ကန့်လန့် နဲ့သွားလေရာကို ပါတယ်လေ။ သူတို့ကလည်း သမီးရည်းစား မဖြစ်ခင်ကတည်းက ကိုယ့်သူငယ်ချင်းကို ဘာဖြစ်ဖြစ် တိုင်ပင်တယ်လေ။ ဒီလိုနဲ့ ချစ်သူသက်တမ်း တစ်နှစ်ခန့်တွင် မင်္ဂလာဆောင်ကြ လေတော့သတည်းပေါ့။

မင်္ဂလာဆောင်တော့မယ် ဆိုတော့ သူငယ်ချင်းတွေကိုလည်း ဘယ်သူကဘာလုပ်ရမယ် ညာလုပ်ရမယ် စသည်ဖြင့် အားလုံးကို မော်ဒယ်ဘွိုင်းက တာဝန်တွေလည်းပေးပြီးပြီ။ သူ့မင်္ဂလာဆောင်မှာ သတို့သား သတို့သမီး စီးမယ့်ကားက ဒီကမောင် တာဝန်ကျတယ်။ သူတို့ကို ကြိုမယ်ပို့မယ် မင်္ဂလာဆောင်မှာ စီစဉ်စရာတွေကိုလည်း တောက်တိုမယ်ရ တာဝန်မှုး ဖြစ်သွားပါတယ်။ သူတို့ကမင်္ဂလာခန်းမ ငှါးတာ ပန်းအလှပြင်တာ တီဝိုင်းငှါးတာတွေကို အားလုံး လုပ်ပြီးသားပါ။ မင်္ဂလာဆောင်မယ့် နေ့ရောက်တဲ့အခါ မှာသာ သူငယ်ချင်းက လိုအပ်တာတွေ ၀ိုင်းဝန်းလုပ်ပေးရုံ သက်သက်ပါ။

ပြောချင်တာက မင်္ဂလာမဆောင်ခင် ရက်ပိုင်းအလိုမှာပေါ့ ကျွန်တော်တို့အိမ်နားမှာ မီးလောင်ပါတယ်။ မီးလောင်တာက အိမ်သုံးလုံးလောက်ပဲ ပါသွားတာပါ။ ဒါပေမယ့် မီးသတ်ကားက အစီးနှစ်ဆယ်လောက် ရောက်လာပါတယ်။ ရေကားတွေတောင် ပါသေးတယ် မီးသတ်ကားက ရေကုန်သွားရင် နောက်က ရေကားတွေနဲ့ တွဲပြီး ပက်ရအောင်လေ။ လာတာလည်း မပြောနဲ့လေ မီးသတ်ဦးစီးဌာနနေ့ ကနောက်နေ့ဆိုတော့ မီးသတ်ဌာနတိုင်းမှာ ချက်ပြုတ်နေကြတာလေ ဘယ်သူမှမအိပ်သေးဘူးတဲ့။ မီးလောင်တယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်က အဘွားကို ကားပေါ်တင်ပြီး ဟိုးဘက်လမ်းမကြီးရဲ့ အပြင်မှာ သွားရပ်ထားရတယ်။ ကျွန်တော့် အဒေါ်တွေဆို ကားပေါ်ကို တင်ပေးလိုက်တာ အဖိုးတန်တာဆိုလို့ ဖုန်းတွေပဲပါတယ်။ ကျန်တာတွေက လျှော်မယ့် တောင်းထဲက ၀တ်ပြီးသားတွေနဲ့ အိမ်နေရင်း အဟောင်းတွေချည်းပဲ။

ဒါနဲ့ ကိုယ်လည်း မတတ်နိုင်တော့ဘူး လောင်လည်းလောင်ပါစေတော့ ဆိုပြီးစိတ်လျော့ပြီး အိမ်မှာကျန်တာလေးတွေကို ပြန်စောင့်မယ်ပေါ့။ ကျွန်တော့် ဘကြီးနဲ့ ဦးလေးတွေကတော့ အိမ်မှာ စောင့်နေကြတယ်လေ။ အိမ်ကိုပြန်စောင့်တာ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကနေပြီး ဘာပစ္စည်းမှ မသယ်နိုင်ဘူးလေ။ ကျွန်တော့်အဒေါ်ဆို အိမ်ဆောက်ထားတာ အချောသတ်တုန်းရှိသေးတယ်။ သူ့အိမ်လေးတော့ မီးထဲပါတော့မှာပဲဆိုပြီး ရွတ်လိုက်တဲ့ ပရိတ်ဆိုတာ သီလရှင်တောင် ငိုသွားနိုင်တယ်။

ကိုယ့်အိမ်ပြီးတော့ သူငယ်ချင်း မော်ဒယ်ဘွိုင်းရဲ့ အိမ်ကလည်း ကိုယ့်အိမ်နဲ့ လေးငါးလုံးလောက်ပဲ ခြားတော့ သွားကူညီဦးမယ်ပေါ့။ သူတို့အိမ်မှာက ကားက နှစ်စီးရှိတယ် သူ့ညီလေးက ကားတွေ ကို အပြင်လမ်းမ ကိုထုတ်ပြီးတော့ သူအမေနဲ့ အဖေကလည်း စာရွက်စာတမ်းတွေနဲ့ အရေးကြီးတာတွေကို သယ်ရတာပေါ့။ မီးလောင်တာက သူတို့အိမ်ရဲ့ နောက်ဖက်လမ်းက မျက်စောင်းထိုးလောက်မှာ ရှိတယ်လေ ပိုနီးတယ်။ အဲဒီအချိန်မှာ အားလုံးထွက်လာပြီးပြီ သူကဘာတွေသယ်နေလဲဆိုတော့ အရေးအကြီးဆုံး ပစ္စည်းတွေ သွားသယ်နေတာတဲ့။ နောက်တော့ မီးကငြိမ်းသွားပါတယ် မီးသတ်ကားတွေ အများကြီးနဲ့ ငြှိမ်းလိုက်တာဆိုတော့ တော်သေးတာပေါ့။ မီးငြိမ်းသွားပြီးမှ မေးကြည့်တော့ ဘာတွေအရေးတကြီး အသက်စွန့်ပြီး ၀င်သယ်နေတာလဲလို့မေးတော့။ သူ့ထုံးစံအတိုင်း ပြုံးပြုံးလေးပြန်ဖြေပါတယ်...


ဖိတ်စာနဲ့ သောချိတ်ပါတဲ့ဗျာ။ သူ့မင်္ဂလာဆောင်ကို ဖိတ်စာတချို့ ဝေပြီးသွားလို့ အပျက်မခံနိုင်ပါဘူးတဲ့ဗျာ။




(သူ့မိန်းမ ကိုယ်ဝန်ရှိတော့ ကျွန်တော်က အားရှိအောင် အစားအစာတစ်ခု လိုက်ကျွေးဖူးပါတယ်။ ကျွန်တော့်ကို အမေကိုယ်ဝန်ရှိတုန်းက တရုတ်ဆေးနဲ့ ၀က်မြှီးနဲ့ ပေါင်းပြီးစားတာ အားရှိတယ်လို့ပြောလို့ သူ့မိန်းမကို ကျွန်တော် ဆိုင်မှာလိုက်ပြီး ၀က်ြမှီးဝယ်ကျွေးခဲ့ဘူးတယ်။ သူ့ကလေးမွေးတော့ အားရှိတဲ့ ယောက်ကျားလေးဖြစ်တဲ့ အပြင်ဆော့လိုက်တာမှာ ၀က်မြှီးလိုပဲ ငြိမ်ငြိမ်ကို နေဘူးတဲ့.....)

Thursday, June 18, 2009

ကလေးအနှီး ပဲလျှော်မယ်


“ဟေ့ကောင် သွားမယ်လေကွာ နောက်ကျတော့မယ် မင်္ဂလာဆောင်မှာက မင်းလား ဟိုကောင်လား မင်းကပိုလှချင်နေတယ်” လို့ သူငယ်ချင်း တစ်ယောက်က လှမ်းပြောမှ ကျွန်တော်လည်း မြန်မြန်ဆန်ဆန် အ၀တ်အစား ၀တ်လိုက်ပြီး အိမ်မှထွက်လိုက်တယ်။ သွားမှာက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပါ။ မင်္ဂလာဆောင်မည့် သူငယ်ချင်းက သူ့ကောင်မလေးကို ဘယ်လိုရအောင် ယူခဲ့ရတယ်ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်္ဂလာဆောင်မယ့် သူငယ်ချင်းတွေက ဇင်မင်းဦး နှင့် စိုးယုမော်ပါ။

ရုပ်ရှင်တွေထဲက အတိုင်းကို သေချာ စီစဉ်ရတာဗျာ။ (နောက်မှ သေချာ အသေးစိတ်ရေးမယ်နော်) သူတို့ မင်္ဂလာဆောင်တော့ သတို့သားရဲ့ အမေက ကျွန်တော်တို့ကို ပြောပါတယ်ဗျာ “သားတို့ မင်္ဂလာဆောင်တယ် ဆိုတာ ဘယ်လောက်တောင် ပင်ပန်းလည်း တွေ့တယ်မဟုတ်လား” တဲ့။ ကျွန်တော်တို့က သူ့အမေကို ပြန်ပြီး ပြောလိုက်ပါတယ် ဟုတ်တယ်အန်တီရယ် မင်္ဂလာဆောင်တာ သူငယ်ချင်းတွေ အရမ်းပင်ပန်းတာပဲလို့ ဒီကောင် မင်္ဂလာသာဆောင်တာ၊ မိန်းမသာယူတာ ဘာမှ မပင်ပန်းလိုက်ဘူး ပင်ပန်းတာက ကျွန်တော်တို့ သူငယ်ချင်းတွေပါ။

ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာဆောင်တဲ့ သတို့သားလောင်း ဆိုတော့ ဘာမှမလုပ်ရဘူးပေါ့။ မနက်မိုးလင်းထဲက ကျွန်တော်တို့က စောစောရောက်အောင် သွားပြီး လုပ်စရာရှိတာတွေ အကုန်ဝိုင်း လုပ်ပေးရတာပေါ့။ ပြောရဦးမယ် ကိုယ့်အကြောင်းကိုယ် သူငယ်ချင်းတွေထဲမှာ ကားမှန်သမျှကို ကောင်းကောင်း မောင်းပေးနိုင်တာက ဒီအီဖေကိုယ်ပေါ့။ မင်္ဂလာဆောင်တဲ့ သူငယ်ချင်းရဲ့ ကားက ပုံမှန် ဆလွန်းကား မဟုတ်ဘူးလေ နည်းနည်းကြီးတယ် Town Ace လိုပုံစံမျိုးဆိုတော့ နည်းနည်းကြီးတယ်ပေါ့၊ Town Ace ထက်တောင်နည်းနည်းကြီးတယ် ပစ်ကပ် ပေါ့။ ဒီတော့ ဒီမောင် အလှည့်ကျတာပေါ့။ သူတို့အမျိုးတွေနဲ့ သယ်စရာရှိတာတွေကို သူ့ကားနဲ့သယ်တာပေါ့။

မင်္ဂလာဆောင် ပြီးတော့လည်း အားလုံးဝိုင်းဝန်းပြီး ပစ္စည်းတွေ အိမ်ကို သယ်တော့လည်း ကျွန်တော်တို့ အဖွဲ့ပေါ့ ဒါပေမယ့် ညနေပိုင်း ဒုတိယပိုင်း ၄၅ မိနစ်ကတော့ ကိုယ်တို့အဖွဲ့ပဲ ဆက်ကစားမယ်ပေါ့ ဟဲဟဲ…….. သူ့မိဘတွေကလည်း အိမ်မှာပဲ ညစာစားပွဲလေး လုပ်လိုက်ပေါ့၊ သူငယ်ချင်းတွေက ဘာဘာညာညာတွေ သောက်ချင်လည်း သောက်လို့ရအောင် စီစဉ်ပေးမယ်တဲ့၊ သောက်ချင်တာ ဟိုကောင်တွေပေါ့ ကိုယ်ကတော့ သူတို့တိုက်လို့သာ သောက်ရတာ ဘာကြီးမှန်းကိုမသိဘူး အခုထိလည်းမသိသေးဘူး ဒါကြောင့်သာ သူတို့တိုက်တိုင်း သောက်နေတာ အခုထိလည်း ဘာမှန်းမသိသေးပါဘူး။

သောက်ချင်တဲ့ သူငယ်ချင်းတွေရှိတော့ ညနေပိုင်း ဧည့်ခံရတာပေါ့ သောက်ချင်တဲ့ သူငယ်ချင်းတွေဆိုတာ အောင်ကို၊ အောင်မျိုးဇော်၊အောင်သူရ၊ စိုးပိုင် တို့ပေါ့…… သောက်လည်း သောက်ကျရော အောင်မလေး လက်တွေက မီးပွိုင့်တပ်ပြီး မော်တော်ပီကယ် ခေါ်ထားရမလားပဲ၊ သောက်လိုက်တာလည်း စုံလို့ပါပဲ ကိုကြီးကျော်နဲ့တောင် သယ်ရင်း ဖြစ်သွားတယ်။ ဇင်မင်းဦး အိမ်ကလည်း စီစဉ်ပေးတာ စားလို့သောက်လို့ ကောင်းမှကောင်းဗျာ၊ ငါးကို အထဲမှာ အစာသွတ် ပြီးကင်ပေးတာတောင်ပါတယ် စားသောက်ဆိုင်ထက် မသာလျှင်တောင်မှ မညံ့ထက်လက်ရာတွေနဲ့ စားလိုက်သောက်ကြတာ နောက်ဆုံး ဘယ်လောက်အထိ ကောင်းလဲဆို သူငယ်ချင်း အောင်ကို ကဆို ငါဒီကောင့် ကားပေါ်မှာပဲ လေလေးတဖြူးဖြူးနဲ့ အိပ်တော့မယ်ဆိုလို့ မနည်းတင်ခေါ်ပြီး အိပ်ပြန်ပို့ခဲ့ ရတယ်။ အမှန်တော့ သတို့သားကို မူးအောင်တိုက်ရင်းနဲ့ ကိုယ်တွေမူးသွားတာပါ ဟိုကောင်က စိတ်က မာတယ်လေ မူးကိုမမူးတာ။

နောက်နေ့ မနက်မိုးလင်းတော့ အောင်ကိုအိမ်ကိုသွားပြီး လဘက်ရည်ဆိုင် သွားဖို့ခေါ်တော့ အိပ်ချင်မူးတူးနဲ့ နောက်ဆို အရက်တွေ ဘီယာတွေ ဘယ်တော့မှ မသောက်တော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး ဆယ်ရက် လောက်လည်းနေရော ဘီယာဆိုရင်တော့ မဆိုးဘူးကွ အရက်ကတော့ တော်တော်ခံရခက်တယ်လို့ပြောပါရော……



(သူငယ်ချင်းတွေ အတွက်အမှတ်တရပါ အခု ဘီယာတွေ အရက်တွေမသောက်တော့ပဲ ကလေး အနှီးတွေပဲလျှော်နေတယ်လို့ နောက်ဆုံးသတင်းရပါတယ်ခင်ဗျာ)

Saturday, June 13, 2009

နွေရာသီ ကျူရှင်

နွေရာသီ နေ့လည်ခင်းလေးမှာပေါ့။ အရမ်းပူတယ်လို့ ပြောလို့ရပါတယ်။ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရင်ဝတ်နေတယ်ဗျာ။ အဲဒီနေ့လည်ကပေါ့ ကိုးတန်း စာမေးပွဲဖြေပြီး နွေရာသီ ကျောင်းပိတ်ရက်ဆိုတော့ ဆယ်တန်းအတွက် ပြင်ဆင်ရပြီလေ။ ဆယ်တန်းစာတွေကို ကြိုတင်ပြီး သင်ရအောင် နွေရာသီ ကျူရှင်သင်တန်းကို သွားပြီး ကျောင်းအပ်ကြတာပေါ့။

သူငယ်ချင်းကောင်မလေးက သူ့သူငယ်ချင်း ကောင်မလေးတစ်ယောက်ကို ကျူရှင်အတူတက်ရအောင် ဆိုပြီးခေါ်လာတယ်လေ။နွေရာသီသင်တန်းကို တူတူတက်မယ်ဆိုပါတော့။ ကိုရင်ဝတ်နေတဲ့ သူငယ်ချင်းရဲ့ အစ်မ၀မ်းကွဲလည်းပါတယ်လေ ကျူရှင်လိုက်အပ်ပေးမှာ အဲဒီ အစ်မပေါ့၊ ကဲသွားကြမယ်လည်းဆိုရော သူငယ်ချင်းကောင်မလေးနဲ့ သူ့သူငယ်ချင်းကောင်မလေးက စက်ဘီးတစ်စီး ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းအစ်မနဲ့က စက်ဘီးတစ်စီး နေပူပူမှာ ကျူရှင်သင်တန်းကို သွားကြတယ်။

သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် အတွင်းက ရူပဗေဒ သင်တဲ့ ဆရာ ဦးဥာဏ်လွင် ကျူရှင်ကို အရင် သွားအပ်တယ် ပြီးတော့ ဓာတုဗေဒ သင်တန်းက ဆရာ ဦးညီညီ ဆီမှာအပ်တယ်။ နောက်ပြီး ဇီဝဗေဒ ကို ဆရာဦးဝင်းမြင့်မှာ အပ်တယ်ပေါ့။ သင်တန်းတွေ အပ်ပြီးသွားတော့ ပြန်ကြတဲ့အခါ မ၀တ်ချင်ဘဲအောင့်အီးပြီး ကိုရင် ၀တ်နေရတဲ့ သူငယ်ချင်းဆီကိုသွားတယ်။ သူက ကိုရင်သာ ၀တ်နေတာ ခဏလေးဝတ်တာတောင် စိတ်က အပြင်မှာပဲလေ။ ပြီးတော့ သူငယ်ချင်းရဲ့ သူငယ်ချင်း ကောင်မလေးကို လိုက်ပို့တာ ကျွန်တော်ပါလိုက်သွားမိတယ်။

ဘာဖြစ်တယ် မသိပါဘူး နွေခေါင်ခေါင်မှာ ရင်ထဲကို အေးသွားတာပါပဲ။ နောက်တော့ ကောာင်မလေးလည်း ကျူရှင်လာတက်ရော ကိုယ်လည်းနင်းလိုက်ရတဲ့ စက်ဘီးဆိုတာ အဖြောင့်တိုင်းထားရင် ဂျာမနီ တောင်ရောက်သွားနိုင်တယ်။ ကိုယ်လည်းကိုယ့်ပီတိနဲ့ ကိုယ်ဆိုတော့ ဘာဖြစ်ဖြစ် နင်းမှာလေ ပြန်သာပြောနေတယ် ကောင်မလေးကတော့ အဲဒီအချိန်က ဘာမှန်းတောင်သိမှာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ကြည်နူးတာဆိုတော့ ဘယ်သူတွေ ပြောပြော အခုနင်းခိုင်းလည်း သူ့အတွက်ဆိုရင်တော့ နင်းပြီးသားဗျ။



(ခေါင်းစဉ်နဲ့ မဆိုင်ဘူးလားတော့မသိဘူး သိပ်ပြီး စာမရေးတတ်လို့ ခွင့်လွတ်ပါနော် ၊ သူငယ်ချင်းတွေနဲ့ ကိုယ်ရဲ့အကြောင်းလေးတွေ သတိရလို့ပါ )

Tuesday, June 9, 2009

"လိမ္မော်သီးနှင့် အိမ်စာ"


ငယ်ငယ်တုန်းက ကြုံခဲ့တာလေးတွေပါ။ ငယ်ငယ်တုန်းက ကျောင်းစတက်တဲ့နေမှာ ကြုံခဲ့တာလေးတွေပါ။ ငယ်ငယ်တုန်းက တော်တော် တုံးတယ်လို့ပြောကြတယ်။ အခုလည်း တုန်းနေဆဲပါ။ အဲဒီတုန်းက လိမ္မော်သီးကို ဘယ်လိုစားရမလဲ မသိဘူးတဲ့။ ဘယ်လိုဖြစ်တယ် ဆိုတာပြောပြမယ်နော်။

ငယ်ငယ်တုန်းက ပထမဦးဆုံးနေ့ ကျောင်းသွားတက်တော့ မေမေက လိမ္မော်သီး ထည့်ပေးလိုက်တယ်။ အဲဒါကို အခွံမခွာတတ်တာ။ လိမ္မော်သီးကို ပန်းသီးလို အောက်မေ့ ပြီးတော့ ကိုက်စားလိုက်တာ။ မျက်လုံးထဲကို အရည်တွေဝင်ပြီး ငိုရတာပေါ့။ ပြန်လာတော့ မေမေကို စိတ်ကောက်ပြီး အပြစ်တောင်တင်သေးဆိုပဲ။ စားလို့မရတဲ့ အသီး ထည့်ပေးလိုက်ရပါမလားဆိုပြီး စိတ်လည်း ကောက်သေးတယ်တဲ့။ လိမ္မော်သီမှာလည်း သွားရာကြီးက အထင်းသားပဲတဲ့။

နောက်ပြီး ရှိသေးတယ်။ အိမ်စာလုပ်ခဲ့ရမယ်လို့ဆရာမက ပြောလိုက်တယ်။ အိမ်စာဆိုတာ ဘာမှန်းကို မသိသေးတာပါ။ သူငယ်တန်းစတက်တဲ့ နေ့မှာပေါ့။ အဲဒီနေ့က မိုးတွေရွာတယ်။ ဟီးဟီး.... (ဆရာအကြည်တော် တို့ နီကိုရဲ တို့ သုံးနေကြစကားပါ။) တကယ်လည်း ရွာမယ်ထင်တယ်။ မမှတ်မိတော့ဘူး။ အိမ်ပြန်ရောက်တော့ စိတ်ညစ်ညစ်နဲ့ လက်သမားငှားဖို့ဖေဖေကို ပူဆာတော့တာပေါ့။ အိမ်ဆောက်တာလည်း မကြာသေးတော့ လက်သမားတွေ အိမ်ဆောက်တာကိုသိတော့ လက်သမားဆရာ ခေါ်ပေးပါ ဘာညာပေါ့။ နောက်မှမိဘတွေက ရှင်းပြမှသိတာ၊ အိမ်စာကို ကိုယ်က အိမ်သာ လို့ကြားလိုက်တာလေ။ ဒီလိုနဲ့ပဲ ကျောင်းစတက်တဲ့ ပထမဦးဆုံးနေ့ကိုစတင်မိတ်ဆက်မိပါတော့တယ်။