Saturday, June 13, 2009

နွေရာသီ ကျူရှင်

နွေရာသီ နေ့လည်ခင်းလေးမှာပေါ့။ အရမ်းပူတယ်လို့ ပြောလို့ရပါတယ်။ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရင်ဝတ်နေတယ်ဗျာ။ အဲဒီနေ့လည်ကပေါ့ ကိုးတန်း စာမေးပွဲဖြေပြီး နွေရာသီ ကျောင်းပိတ်ရက်ဆိုတော့ ဆယ်တန်းအတွက် ပြင်ဆင်ရပြီလေ။ ဆယ်တန်းစာတွေကို ကြိုတင်ပြီး သင်ရအောင် နွေရာသီ ကျူရှင်သင်တန်းကို သွားပြီး ကျောင်းအပ်ကြတာပေါ့။

သူငယ်ချင်းကောင်မလေးက သူ့သူငယ်ချင်း ကောင်မလေးတစ်ယောက်ကို ကျူရှင်အတူတက်ရအောင် ဆိုပြီးခေါ်လာတယ်လေ။နွေရာသီသင်တန်းကို တူတူတက်မယ်ဆိုပါတော့။ ကိုရင်ဝတ်နေတဲ့ သူငယ်ချင်းရဲ့ အစ်မ၀မ်းကွဲလည်းပါတယ်လေ ကျူရှင်လိုက်အပ်ပေးမှာ အဲဒီ အစ်မပေါ့၊ ကဲသွားကြမယ်လည်းဆိုရော သူငယ်ချင်းကောင်မလေးနဲ့ သူ့သူငယ်ချင်းကောင်မလေးက စက်ဘီးတစ်စီး ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းအစ်မနဲ့က စက်ဘီးတစ်စီး နေပူပူမှာ ကျူရှင်သင်တန်းကို သွားကြတယ်။

သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် အတွင်းက ရူပဗေဒ သင်တဲ့ ဆရာ ဦးဥာဏ်လွင် ကျူရှင်ကို အရင် သွားအပ်တယ် ပြီးတော့ ဓာတုဗေဒ သင်တန်းက ဆရာ ဦးညီညီ ဆီမှာအပ်တယ်။ နောက်ပြီး ဇီဝဗေဒ ကို ဆရာဦးဝင်းမြင့်မှာ အပ်တယ်ပေါ့။ သင်တန်းတွေ အပ်ပြီးသွားတော့ ပြန်ကြတဲ့အခါ မ၀တ်ချင်ဘဲအောင့်အီးပြီး ကိုရင် ၀တ်နေရတဲ့ သူငယ်ချင်းဆီကိုသွားတယ်။ သူက ကိုရင်သာ ၀တ်နေတာ ခဏလေးဝတ်တာတောင် စိတ်က အပြင်မှာပဲလေ။ ပြီးတော့ သူငယ်ချင်းရဲ့ သူငယ်ချင်း ကောင်မလေးကို လိုက်ပို့တာ ကျွန်တော်ပါလိုက်သွားမိတယ်။

ဘာဖြစ်တယ် မသိပါဘူး နွေခေါင်ခေါင်မှာ ရင်ထဲကို အေးသွားတာပါပဲ။ နောက်တော့ ကောာင်မလေးလည်း ကျူရှင်လာတက်ရော ကိုယ်လည်းနင်းလိုက်ရတဲ့ စက်ဘီးဆိုတာ အဖြောင့်တိုင်းထားရင် ဂျာမနီ တောင်ရောက်သွားနိုင်တယ်။ ကိုယ်လည်းကိုယ့်ပီတိနဲ့ ကိုယ်ဆိုတော့ ဘာဖြစ်ဖြစ် နင်းမှာလေ ပြန်သာပြောနေတယ် ကောင်မလေးကတော့ အဲဒီအချိန်က ဘာမှန်းတောင်သိမှာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ကြည်နူးတာဆိုတော့ ဘယ်သူတွေ ပြောပြော အခုနင်းခိုင်းလည်း သူ့အတွက်ဆိုရင်တော့ နင်းပြီးသားဗျ။



(ခေါင်းစဉ်နဲ့ မဆိုင်ဘူးလားတော့မသိဘူး သိပ်ပြီး စာမရေးတတ်လို့ ခွင့်လွတ်ပါနော် ၊ သူငယ်ချင်းတွေနဲ့ ကိုယ်ရဲ့အကြောင်းလေးတွေ သတိရလို့ပါ )

3 comments:

PAUK said...

သြော်...
အဲ့လို စတွေ့ကြတာပေါ့နော်..
ဆက်ပါဦး...
စာရေးတတ်သလိုရေးပေါ့..
(ကျနော်ဆိုအရေးအသား ပိုဆိုး)

PAUK said...

စကားမစပ် kokothone ဆိုတာ မြန်မာလို
ဘယ်လို အသံထွက်ရတာလဲ မသိနော်..
ကိုကိုသုံလား..ကိုကိုသုံးလား..ကိုကိုထုံလား

မေချစ်သား said...

အော် ဘုန်းကြီးဝတ်နေတဲ့သူငယ်ချင်းဆီသွားတာ အောင့်အီးပြီးသွားရတယ်လို့ ကိုကိုသုန် ရယ်။