Wednesday, November 25, 2009

ကိုကြီးကျော်နဲ့ ဘောလုံးပွဲ

ကျွန်တော်ပြောဦးမယ် ကျွန်တော်ကြုံဖူးတာလေးတွေပေါ့…. ကျွန်တော့်သွားဖူးတဲ့ နတ်ကနားပွဲ အကြောင်းပေါ့…… ကျွန်တော်က နတ်တွေအကြောင်းကို ကောင်းကောင်းမသိပေမယ့် နတ်ကတဲ့ပွဲတော့ သွားကြည့်တာဝါသနာ့ပါသလားမမေးနဲ့….. “ရွှေလမ်း ငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ကျော် ကျော် တို့ကိုကြီးကျော် တို့ဖေဖေကျော်” ဆိုတဲ့ အသံကြားလိုက်တာနဲ့ ကျွန်တော်သွားကြည့်ချင်စိတ်တဖွားဖွားနဲ့ပေါ့…... ဘာဖြစ်လို့လဲဆိုတော့ နတ်ကနား ပေးတာက ကျွန်တော့်သူငယ်ချင်းအိမ်မှာလေ….. သူတို့အိမ်မှာ နတ်ကနားပေးတိုင်း ကိုယ်တွေလည်းပျော်တာကို…. ဘယ်မသွားချင်ပဲရှိပါ့မလဲ…..

နတ်ကနား မကမီ တစ်ရက်အလို ကတည်းက နတ်စင်ဆောက်တာတွေ ပြင်တာဆင်တာ တွေလုပ်နေတည်းက ကိုယ်တွေက အဲဒီအိမ်မှာ ၀င်လိုက်ထွက်လိုက်လုပ်နေတာဆိုတော့ ကကြမယ့်နတ်ကတော်တွေ၊ ဆိုင်းဆရာတွေ၊ မာမီတွေ အားလုံးနဲ့ရော အလှူရှင်မိသားစုနဲ့ပါ ရင်းနှီးနေတော့တာပေါ့…. ပြီးတော့ကျွန်တော့်တို အဖွဲ့ထဲမှာ ရုပ်တော်တော်ဖြောင့်တဲ့ တစ်ကောင်လည်းပါတယ်လေ….. အဲဒီကောင်နာမည်တော့ မပြောတော့ပါဘူးဗျာ….. သူ့ဖာသာအေးအေး ဆေးဆေး သင်္ဘောလိုက်ပါစေလေ….. ဟီး ဟီး ဟီး …. ….. သူ့ကိုဆို မာမီတွေက သိပ်ချစ်တာပေါ့လေ….. သားသား… သားသား…. နဲ့နေတာပဲ….. ဒီကောင်စန်းပွင့်တာကိုပြောတာပါ…..

နောက်တနေ့ မနက်မိုးလင်းလို့ နတ်ကနားက မကရသေးဘူး ကျွန်တော်က ရောက်နှင့်နေပြီလေ….. နတ်စင်အောက်က ပိတ်စနီနီအောက်မှာ အကျအန နေရာယူလိုက်တယ်ဗျာ…… အံမယ်ဒီနေရာက VIP နေရာနော်……. အလှူရှင်မိသားစုနဲ့ တော်တော်ရင်းနှီးကြတဲ့ မိတ်ဆွေတွေကိုထားတာဗျာ…… မာမီတွေကချစ်တဲ့ ကျွန်တော်တို့အဖွဲ့ကလည်း ကျွန်တော့်သူငယ်ချင်း အိမ်ရှင်ရဲ့မျက်နှာနဲ့ နတ်စင်အောက်မှာနေရာရတယ်ပေါ့……. ဒီလိုနဲ့ နတ်စပြီးကပြီဆိုကတည်းက နတ်ဝင်သည်တွေက ၀င်လာလိုက် ကလိုက် ရေနွေးကြမ်း ပဲသောက်တဲ့နတ်ရှိသလို ထန်းရည်၊ ဘီယာ၊ အရက် သောက်တဲ့ နတ်တွေလည်းရှိတာပေါ့…… နတ်ကမယ့် ဘယ်နတ်ကတော်ဖြစ်ဖြစ် သူငယ်ချင်းဖြစ်ထားပြီးသွားတော့ အားလုံးအေးဆေးပါပဲ….

သူတို့တစ်ယောက်ကပြီး နောက်တစ်ယောက်ကတယ်……. တစ်ယောက်မောသွားရင် နောက်တစ်ယောက် ၀င်ပြီးကတယ်….. နတ်ဝင်ပြီးကတဲ့နတ်ကတော် တော်တော်များများကလည်း နတ်ဝင်လာတာနဲ့လက်ထဲ ပုလင်းရောက်လာတော့တာပါပဲ…… နတ်တော်တော်များများ ဘီယာအရက်သောက်ကြတယ်ဗျာ…. သားတော်ကြီးတွေကတော့ ဘယ်စိတ်ကောင်းမလဲပေါ့…… ဘာဖြစ်လို့လဲဆိုတော့ နတ်စင်အောက်ထိုင်နေတဲ့ ကိုယ်တွေအဖွဲ့ကလည်း အင်မတန်မှ အကင်းပါတာလေ….. သူတို့အနားကိုရောက်လာတာနဲ့ ဟား… ဆိုပြီး ပါးစပ်ဖွင့်ပေးထားတာ ရေမြင်းပါးစပ်နီးနီးကို ရှိမယ်ထင်တယ်လေ….. အော်…. လူမှု့ရေးကလည်းရှိသေးတာကို ဗျာ….. ဟုတ်တယ်မဟုန်လား……. သူတို့ကလည်း ကိုယ့်အနားကိုရောက်လာတာနဲ့ ပါးစပ်ဖွင့်ထားမှတော့ ကဲသားတော်ကြီး လာထားဆိုပြီး လောင်းထည့်လိုက်တာ ရင်တွေကိုပူသွားတာပဲ….. နတ်ကတဲ့သူတွေသာ တစ်ယောက်ပြီး တစ်ယောက် လူလဲပြီးကတာလေ ကိုယ်တွေက တစ်နေကုန် လူမှမလဲရတာ ရင်တွေပူတာပေါ့…… ဟဲ ဟဲ ဟဲ

နတ်ကနားပြီးခါနီး ညနေပိုင်းရောက်တော့ ၀င်တဲ့နတ်တွေက နတ်ဟောတယ် မှန်တယ်ပေါ့လေ….. နတ်ကနေရင်နဲ့ ဟောတာ...... နောက်ပြီး ကိုယ့်အလှည့်ရောက်တော့ နတ်ကတဲ့ နတ်ကတော်တစ်ယောက်ကို မေးဖူးသေးတယ် နတ်ကနားထဲမှာပေါ့…… သူကသားတော်ကြီး ဘာသိချင်လဲ….. ဘာလိုချင်လဲ လို့မေးတယ်လေ….. ကျွန်တော်တို့အဖွဲ့တွေကလည်း တစ်နေကုန် ပါးစပ်ထဲ လာလောင်းထည့်ထားတဲ့ တံဆိပ်မျိုးစုံကို သောက်ထားကြတော့ မူးနေပြီပေါ့….. မူးတာမှ ခေါင်းတွေပါကိုက်ပြီးမူးတာ…… မှတ်မှတ်ရရ နတ်မေးမိလိုက်တာက ဒီညဘောလုံးပွဲ ဘယ်အသင်းနိုင်မလဲလို့….. အမှန်အကန်မေးတာပါဗျာ…… နောက်ပြောင်တာမဟုတ်ဘူးလေ…. ဒီတော့မှ နတ်ကတော်ကလည်းပြန်မေးတယ်ဗျာ…. ဘယ်အသင်းနဲ့ ဘယ်အသင်းလဲတဲ့….. ကျွန်တော်မှတ်မိနေတာကတော့ မာန်ယူနဲ့ လီပါပူး ကန်ကြမှာလို့ ပြောတော့ နတ်ကလည်း မာန်ုယူကိုသိတယ်ဗျာ….. “အေး အေး နင်တို့ နိုင်ရင် နတ်ကို ဘာဆက်သမှာလဲ” တဲ့ ….. ကျွန်တော်တို့ကလည်း မှန်လို့ နိုင်ခဲ့ရင် ခေါက်ဆွဲကြော် ဆက်မယ်ပေါ့….. ဒီတော့မှ နတ်ဝင်သည်ကပြောတယ် မန်ယူနိုင်မယ်တဲ့ နိုင်တာမှာ တစ်လုံးတည်းနဲ့ နိုင်မှာတဲ့ဗျာ..….. ကျွန်တော်တို့အဖွဲ့လည်း ဘယ်ရမလဲ နတ်ကနားထဲမှာတင် ချက်ချင်းကို ဖုန်းထုတ်ဆက်ပြီး လောင်းကြတာ နတ်ပွဲလာကြည့်တဲ့သူတွေလည်း လောင်းကြတာပေါ့….. သူငယ်ချင်းရဲ့ အစ်ကိုတွေလည်းလောင်းတယ်၊ အစ်မတွေတောင်ပါတယ်ဗျာ….. လောင်းလိုက်ကြတာ တော်တော်များပါတယ်….. သူတို့လမ်းထဲက လာကြည့်တဲ့သူတွေဆို ချက်ချင်းပြန်ပြေးပြီး နတ်ပေးတဲ့ဘောလုံးပွဲကို လောင်းလိုက်ကြတာ တော်တော်လေးကို အုန်းအုန်း ကြွက်ကြွက် ဖြစ်သွားသေးတယ်….. ဟဲ ဟဲ ဟဲ ….. ကိုယ်တွေမွှေလိုက်တာလေ……

ညရောက်တော့ ဘောလုံးပွဲက မိနစ်ရှစ်ဆယ်ကျော်နေပြီ တဖက်တဖက် မှ ဂိုးမသွင်းနိုင်သေးဘူးဖြစ်နေတယ်၊ ကျွန်တော်တို့ အဖွဲ့ကလည်း ခပ်ရွတ်ရွတ်တွေဆိုတော့ မမှန်လို့ကတော့ တွေ့မယ်ပေါ့.... ကြိမ်းထားကြတာ…. ပွဲပြီးခါနီး ရှစ်ဆယ့်ရှစ်မိနစ်မှ မာန်ယူအသင်းက တစ်ဂိုးသွင်းပြီး နိုင်သွားတယ်ဗျာ…… မှန်တယ်ဗျာ…… တော်တော်လည်း အံ့သြမိပါတယ်….. (အခုချိန်ထိ အဲဒီဘောလုံးပွဲကို လောင်းဖူးလို့ ပိုက်ဆံရဖူးတဲ့သူတွေ သက်ရှိထင်ရှားရှိပါသေးတယ်) “မေချစ်သား” ဆိုတဲ့သူငယ်ချင်းတစ်ယောက်ကတော့ ဒီအကြောင်းကို သေချာကိုသိတာပါ…… ကျွန်တော်တို့လည်း ဘောလုံးပွဲပြီးတော့ ကိုယ့်ကတိအတိုင်းတော့ ချက်ချင်းသွားပြီး ခေါက်ဆွဲကြော်တော့ အပြေးအလွှားလေး ဆက်သလိုက်ရပါတယ်…… မဆက်သလို့ မဖြစ်ဘူးလေ..... နတ်ကိုင်ရင် ဘာဖြစ်တယ်ဆိုလား ကြားဖူးတာပဲ..... ပြီးတော့ အဲဒီနေ့ကလည်း နတ်တွေတိုက်လို့ တော်တော်လေး သောက်မိလိုက်ပါတယ် ….. နတ်တွေက ကိုယ်တွေကို ချစ်တာကို….. ဘယ်တတ်နိုင်ပါ့မလဲ….. တစ်ခါမှ ဒီလောက်အမျိုးစုံအောင် မသောက်ဖူးတာပါဗျာ….. ထန်းရည်၊ ဘီယာ၊ ရမ်၊ ဂျင်၊ ၀ီစကီ၊ အရက်ဖြူ စုံနေတာပါပဲ….. ဒါကြောင့်မိုလို့ပြောတာပေါ့ နတ်ကနားထဲမှာ အရက်သောက်ရင် မမူးဖူးဆိုတာ မယုံဘူးလို့…..

“နောက်တစ်နေ့မနက် ပြန်တွေ့တော့မှ နတ်ကတော်က နင်တို့က မူးနေတော့ ကိုကြီးကျော်က ချစ်တာပေါ့တဲ့”

မှတ်ချက် ….. (ဘလော့ဂါတွေ ထဲမှာလည်း နတ်သီချင်းနဲ့ကဖူးတဲ့ အစ်ကိုတစ်ယောက်ရှိတယ်ဗျာ….. ဘယ်သူဖြစ်မလဲ ခန့်မှန်းကြပါကုန်သော်….. သူကမြန်မာစကားမပြောတဲ့ နိုင်ငံမှာနေတယ်ဗျာ…..)

Saturday, November 7, 2009

President Obama Singapore သို့လာမည်


President of the UNITED STATE ကသူရဲ့ပထမဆုံး Asia ခရီးစဉ်အဖြစ် Singapore သို့လာရောက်မည်ဖြစ်သည်.... အမေရိကန်သမ္မတ မစ္စတာအိုဘာမားက ဂျပန်နိုင်ငံသို့ အရင်သွားရောက်မှာဖြစ်ပြီး နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက် တွင် ဂျပန်နိုင်ငံတွင်ရှိနေမှာဖြစ်ပြီး စင်ကာပူသို့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် Air Force One ဖြင့်ရောက်ရှိမှာဖြစ်ပါတယ်....
စင်ကာပူတွင် Apec Summit နှင့် ASEAN ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံဖို့ ရှိနေတယ်လို့သိရပါတယ်... စင်ကာပူနိုင်ငံမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရှိနေမှာဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စင်ကာပူမှတဆင့် တရုတ်နိုင်ငံ Shanghai နှင့် Beijing သို့လည်း သွားရောက်မှာဖြစ်ပါတယ်..... အဲဒီနောက်မှာတော့ တောင်ကိုရီးယားနိုင်ငံ Seoul သို့ ဆက်လက်ထွက်ခွာမှာဖြစ်ကြောင်း သတင်းရရှိပါတယ်ခင်ဗျာ....


မှတ်ချက် = President Obama ဓါတ်ပုံကို googel မှ ကူးယူပါသည်။

တန်ဆောင်မုန်းလပြည့်နေ့ နှင့် သခိုးကြီးည

ဒီအချိန်ဆို သူတို့ပျော်နေကြတော့မယ် ကျွန်တော်ကောင်းကောင်း သိနေပါတယ်လေ…… ကျွန်တော်တို့အိမ်နားမှာ ဘုရားတစ်ဆူရှိတယ် အိမ်ကနေပြီး ဆယ်မိနစ်လောက် လမ်းလျှောက်သွားမယ်ဆိုရင် သမိုင်းဝင် ဆံတော်ရှင်စေတီ တစ်ဆူကိုရောက်သွားမှာပါ။ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်ညတိုင်း ကျွန်တော်တို့မြန်မာ့ရိုးရာ အစဉ်အလာအရ မသိုးသင်္ကန်းများ ရက်လုပ်ကြတယ်….. နောက်တနေ့ မနက်အာရုံတက်တဲ့ အခါမှာ ဘုရားပုထိုးတော်တွေမှာ မသိုးသင်္ကန်းများ ကပ်လျှူကြမှာဖြစ်ပါတယ်… ဒါကြောင့်သူတို့ပျော်နေကြတာပါ…… ရက်ကန်းစင်မှာ ရက်ကန်းယက်ကြမယ့်၊ ပြိုင်ပွဲဝင်ကြမယ့် အမျိုးသမီးလေးတွေပေါ့ ပျော်မယ်ဆိုလည်းပျော်စရာပါပဲလေ….. ရက်ကန်းစင် နာမည်တွေကလည်း လှပလိုက်တာ အမရာ၊ ကိန္နရီ၊ မဒ္ဒီ နှင့် သမ္ဘုလ တို့ပဲဖြစ်ကြပါတယ်…… ပထမဆု၊ ဒုတိယဆု နှင့် တတိယဆု သုံးဆုလည်းချီးမြှင့်ဦးမှာတဲ့….. ဆိုင်းဝိုင်းကြီးကလည်း “လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ ” “ လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်ကကြးသလေလေ” ဆိုတဲ့ “မလေးလက်ခတ်သံ” သီချင်းများနဲ့ ဧည့်ခံသီချင်းများကို ရွာစားကျော်က လက်ကုန်တီးခတ်ပြီး အဆိုတော်ကလည်း မမောနိုင်မပန်း သီဆိုဖျော်ဖြေနေကြတယ်လေ။

နောက်တနေ့ မနက်အာရုံမတက်ခင်မှာ အားလုံးပြီးစီးကြပါတယ်….. သင်္ကန်းရက်သူက ရက်လုပ်ပြီးတဲ့ အခါ တိုင်းထွာပြီး ၀ိနည်းနဲ့ အညီချုပ်လုပ်ကြပါတယ်…. အားလုံးပြီးစီးတဲ့ အခါမှာတော့ ရက်လုပ်ထားတဲ့ သင်္ကန်းတွင် ချည်ကျော်မရှိခြင်း၊ သေသပ်လှပ ကောင်းမွန်ခြင်း၊ ချုပ်ရိုးချုပ်သား ကောင်းမွန်ခြင်း၊ အမြန်ဆုံး နှင့် အကောင်းဆုံး ရက်လုပ်နိုင်တဲ့ အဖွဲ့ကို ပထမဆု၊ ဒုတိယအကောင်းဆုံး အဖွဲ့ကို ဒုတိယဆု နှင့် တတိယအကောင်းဆုံး အဖွဲ့ကို တတိယဆုများ ချီးမြှင့်ပါတယ်…. အာရုံတက်တဲ့အခါမှာတော့ သင်္ကန်းတော်များကို ကပ်လှူပူဇော်မည့် ရုပ်ပွားတော်မြတ်များရှိရာသို့ ရင်ပြင်တော်တလျှောက် သယ်ဆောင်ကြပါတယ်….. သယ်ဆောင်ရာ လမ်းတလျှောက်မှတော့ ပန်းများ၊ ပေါက်ပေါက်များ ကြဲကာ ပူဇော်ကြပါတယ်…..


လပြည့်နေ့ည ရောက်တဲ့အခါမှာတော့ ဆေးပေါင်းခသတဲ့၊ “ကတိသစ္စာများမြဲတဲ့အခါ နွယ်ပင်မြက်ပင်တော် ဆေးဘက်ဝင်တယ်တဲ့” ဆိုလိုတာကတော့ တန်ဆောင်မုန်းလပြည့်နေ့ ညမှာ နတ်က္ခတ်တာရာတွေ စုံလင်တယ်လို့ ကြားဖူးပါတယ်…. ဒီလိုအချိန်မှာ မှန်ကန်တဲ့သစ္စာ စကားကိုဆိုပြီး စားတဲ့အစားအသောက်တွေက ဆေးဖက်ဝင်တယ်လို့ကြားဖူးပါတယ်..... များသောအားဖြင့်တော့ မဇလီဖူးသုပ်စားကြတာကြုံဖူးပါတယ်…… တစ်ချို့တစ်ချို့သော လူငယ်တွေကတော့ ဆေးမင်ကြောင်ထိုးကြသတဲ့….. အစွမ်းထက်ချင် လို့ထိုးတာလား၊ လှချင်လို့ထိုးတာလားတော့ မသိပါဘူး၊ မြန်မာ့သမိုင်းမှာ ဟိုးအရင်ကတည်းက ရှိလာတဲ့ ယဉ်ကျေးမှု့တစ်ရပ်ပါပဲလေ…. ရှေးအခါကတော့ ဆေးမင်ကြောင်၊ ထိုးကွင်းမင်ကြောင်မှ မရှိရင်ယောက်ကျားမပီသဖူးလို့ ပြောကြတာပေါ့…..


“ဆေးနက်ကယ်မှ ဆေးနီ၊ စုံစီထိုးကွင်း
အင်းပါ၊ စက်ပါ၊ တကိုယ်လုံးမှာ
ကျားနှင့် ကြောင်လည်း၊ တတောင်သာငဲ့”

ဟိုးအရင် မြန်မာများသည် ထိုးကွင်းမင်ကြောင်ထိုးရတဲ့ ရည်ရွယ်ချက်ကတော့ ယောက်ကျားပီသကြောင်း ပြသရန် နှင့် အစဉ်အလာအရလည်းကောင်း၊ ယုံကြည်မှု့အရလည်းကောင်း၊ အလှအပအတွက်လည်းကောင်း ထိုးကြတယ်လို့ မှတ်သားဖူးပါတယ်….. မြန်မာရိုးရာ ကိုယ်ခံပညာဖြစ်သော လက်ဝှေ့သတ်ခြင်းကို ထိုးသတ်ကြသည့် ပညာရှင်များကလည်း မြန်မာ့သူရဲကောင်းပီသစွာ ထိုးကွင်းမင်ကြောင်များထိုးကြသည်ပဲ…. ရိုးရာယဉ်ကျေးမှု့ဖြစ်သေား ဆေမင်းကြောင်တွင် စိတ်ဝင်စားဖွယ်များ ကိုအချုပ်အားဖြင့် ဖော်ထုတ်ရမည်ဆိုလျှင် …….
နတ်ကြီးငါးပါးစသော မြင့်မြတ်သော ဆေးတို့ကို ဟင်းသပြဒါးဖြင့် ခါး၏အထက်ပိုင်းတွင် ထိုးသည်ကို အထက်ဆေး၊ ဆေးရိုးကြီးစသော ဆေးမျိုးတို့ကို နွားသည်းခြေနှင့် သတ်ထားသော မင်နက်ဖြင့် ခါးအောက်ပိုင်းတွင် ထိုးနှံသည်ကို အောက်ဆေးဟု အကြမ်းအားဖြင့် ခေါ်၏။
အထက်ဆေးများကို လည်တိုင်၏ တဖက်တချက်တွင် သိကြားရုပ်စစ်တစ်ခု၊ သိကြားရုပ်တုတစ်ခု၊ အလယ်သွင်းထားသေား ဆေးကွင်းနီတစ်ခုစီ။ လည်ဂုတ်ဆံတွင် ဗြဟ္ဗာရုပ်ကို အလယ်သွင်းသည့် ဆေးနီကွင်းတစ်ခု၊ ရင်အုံ နှစ်ဘက်ပေါ်တွင် က,နေသော ဇော်ရုပ်အလယ်သွင်းသည့် ဆေးနီကွင်းတစ်ဖက်တခု၊ အလယ်ဗဟိုရင်ချိုင့်၏ အောက်တည့်တည့်တွင် သူရဿဒီနတ်သမီးရုပ် အလယ်သွင်းသည့်ဆေးကွင်းနီတစ်ခု။
သူရဿဒီရုပ်၏ အောက်ဝမ်းပိုက်နှင့်တည့်တည့် နံစွန်းနှစ်ဘက်တွင် တေရဠ နတ်မင်းကြီးနှင့် ၀ီရဠက နတ်မင်းကြီးတို့ကို တကွင်းတခုစီ အလယ်ထား၍ လည်းကောင်း၊ နံဘေးတည့်တည့် ချိုင်းအောက် တဖက်တချက်တွင် ၀ိရုပက္ခ နှင့် ကုဝေရ နတ်မင်းကြီး တို့ကို တကွင်းတခုစီ အလယ်ထား၍လည်းကောင်း၊ လောကပါလနတ်မင်းကြီးလေးပါပုံ ဆေးနီကွင်းလေးခုကို ထိုးတတ်ကြ၏။

ထို့အတူပင် တောင့်သန်သော ပေါင်တန်တွင် ဂဠုန်ရုပ်၊ နဂါးရုပ်၊ များလူးရုပ်၊ ကြောင်ရုပ်၊ ဂ၀ံရုပ် စသည်တို့ကို အလယ်သွင်း၍ ဆေးရိုးဘီးဖြင့် ထိုးနှံသည့် စိမ်းညှို့ညှို့ မင်ကြောင်များသည်လည်း ရှေးခတ်မြန်မာများကို ခန့်ငြားပြီး၊ ယောက်ကျားပီသကာ တင့်တယ်စေပါသည်။ ထို့အတူပင် နောက်နေ့တွင် ထိုးထားသည့်ဆေးစွမ်း မစွမ်းကိုတော့ဖြင့် စမ်းသပ်သည့်အနေဖြင့် ကျေးရွာများတွင် လေးပင်သည့် ပစ္စည်းများ၊ အိမ်အတွင်းမှာထားသည့် ပစ္စည်းများကို ရွှေ့ပြောင်းထားခြင်းဖြင့် ဆေးစမ်းသပ်ကာ အပျော်သဘော ဆင်နွဲကြပါသည်။



ကျွန်တော်တို့ မွေးဖွားလာတဲ့ အချိန်မှာတော့ ဒီဆေးမင်ကြောင်တွေ မမြင်ရတော့လောက်အောင် ပျောက်ကွယ်သွားပါပြီ…… ဒါပေမယ့်အစဉ်အလာမပျက် အခုချိန်ထိတော့ အစဉ်အလာမပျက်ဆင်နွဲ နေတဲ့ပျော်ပွဲကတော့ “ကျီးမနိုးပွဲ” ပါဗျာ….. လပြည့်ကျော်တစ်ရက်နေ့ ညရောက်ပြီဆိုလျှင်ဖြင့် အမောင်ကာလသားတို့မှာ တစ်ညလုံး ချက်ပြုတ်စားသောက်ကာဖြင့် အသုတ်ဆိုင်များ၊ ကွမ်းယာဆိုင်များ နှင့် ထိုင်ခုံများကို နေရာရွှေ့ပြောင်းကြပါတတ်ကြပါတယ်….. တစ်ခါတလေများဖြင့် လူများများဖြင့် လမ်းမတွင် ညအိပ်ရပ်နားထားသော ကားများကိုပါ တွန်းပြီးတော်တော်ဝေးဝေး သို့ရောက်အောင် ရွှေ့ထားတတ်ပါသေးတယ်….. အပျိုကြီးများနေသောအိမ်ကို အငြိမ့်သဘင်ကြီး မင်းသားအလိုရှိသည်…… သမီးများမွေးထားသော အိမ်ရှေ့တွင် သမက်လောင်း လျှောက်လွှာလက်ခံသည်…. စသဖြင့် ပျော်ရွှင်စွာ ဆင်နွဲလျှက်ရှိပါသေးတယ်….. ဒါပေမယ့် ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာမှာဖြင့် “ကျီးမနိုးပွဲ” မှာ ဘယ်ဆီဘယ်ဝယ် ရောက်နေလဲဖြင့် မသိနိုင်အောင် ကျီးကန်းလည်းမတွေ့ စာကလေးလည်းမရှိသည့်အပြင် သူများအိမ်က ပစ္စည်းသွားပြီး နေရာရွှေ့ရင်လည်း ကြိမ်ဒဏ်လား ငွေဒဏ်လား တစ်ခုခုတော့ သေချာနေတဲ့အတွက် အဝေးကပဲလွမ်းလိုက်ရတဲ့……. လပြည့်ညနဲ့ ကျီးမနိုးပွဲ အကြောင်းလေးပေါ့ဗျာ……



ဝန်ခံချက် = မြန်မာ့ရိုးရာဆေးမင်ကြောင်နှင့် ထိုးကွင်းမင်ကြောင်များ အကြောင်းကို ဆရာဦးမြ၀င်းရေးသားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စာအုပ်မှ ကိုးကားပြီးဖော်ပြထားပါသည်။

ဆရာနီကိုရဲ အလွမ်းပြေ

စာမရေးဖြစ်တာ တော်တော်လေး ကြာသွားတယ်ဗျာ.....ကျွန်တော့်ကျန်းမာရေး မကောင်းတာကြောင့်ပါ.... ဒါပေမယ့် အစ်ကိုတွေ၊ အစ်မတွေ၊ သူငယ်ချင်းတွေ ရဲ့ဘလော့လေးတွေ သွားလည်လိုက်တိုင်း စည်ကားနေကြတာတွေ တွေ့တော့ကိုယ့်ပိုးလည်း ပြန်ထလာပြန်တယ်... ဒါပေမယ့် သိပ်ပြီးနေလို့မကောင်းတဲ့ အချိန်တွေမှာတော့ ကွန်ပျူတာကို အီးမေးသုံးတာက လွဲလို့ဘာမှမလုပ်ဖြစ်ဘူးဗျာ.... အခုတော့ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ကိုယ့်ဘလော့လေးကို ပြန်လည်ပြီးဂရုစိုက်ပါတော့မယ်.... ပစ်ထားဖြစ်တဲ့ အချိန်များမှာလည်း လာလည်သွားတဲ့ သူတွေကိုကျေးဇူးတင်ပါတယ်ဗျာ....


ပြီးတဲ့လက ဆရာနီကိုရဲ ဆုံးသွားတယ်တဲ့ အစ်မမိုးချိုသင်းရဲ့ ဘလော့လေးမှာတွေ့လိုက်တော့ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်ဗျာ.... ကျွန်တော်က သူ့စာအုပ်တွေကို ဖတ်သာဖတ်တာ သူ့ကိုမမြင်ဖူးသေးဘူး.... ကိုယ်ကအကုန်မဖတ်နိုင်တာလည်း ဖြစ်မှာပေါ့.... ဒါပေမယ့် သူ့နာမည်ကို မှတ်မှတ်ရရ ဖြစ်သွားတာက တစ်ခါဖတ်မိသွားကတည်းကပေါ့.... "တစ်သုံးခုနှစ်ရှစ်" ဘာမှန်းတော့မသိဘူးမဟုတ်လား..... ဆရာနီကိုရဲ ရေးတဲ့ဝထ္ထုတိုလေး တစ်ပုဒ်ရဲ့နာမည်ပါဗျာ.....



နောက်တခုက သူ့နာမည်ပေါ့..... အိမ်နာမည်က "ကိုရဲ" လို့ခေါ်တယ်တဲ့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်ထဲမှာပါတယ်.... (ဘယ်စာအုပ်လဲတော့မမှတ်မိတော့ဘူး).... သူ့အမေကို စိတ်ဆိုးတဲ့ အခါ "ငရဲ" လို့ခေါ်တယ်လို့ပြောထားတယ်ဗျာ.... သူစာတွေရေးတော့ ကလောင်နာမည် ပေးဖို့ဆိုပြီး စဉ်းစားတာလေးကိုက တော်တော်သဘောကျသွားတယ်ဗျာ..... အိမ်နာမည် "ကိုရဲ" ကိုအခြေခံပြီးရွေးတော့ ဘာထပ်ထည့်ရမလဲ စဉ်းစားတဲ့အခါ "ကကြီး" "အ" အထိက အစဉ်လိုက် ရေးပြီး တစ်လုံးချင်းစီကို ထည့်ကြည့်ရတယ်လို့ ဖတ်ခဲ့ဖူးတယ်...."ကကိုရဲ" "ကျောက်ကိုရဲ" "ကြောင်ကိုရဲ" "ချစ်ကိုရဲ" "ချမ်းကိုရဲ" "ဂကိုရဲ" စဖြင့်ပေါ့......နောက်ဆုံးတော့ သူ့နာမည်က "နီကိုရဲ" ဖြစ်သွားတယ်.....


နောက်ပြီး သူကျောင်းတတ်တဲ့အခါ (တက္ကသိုလ်ကျောင်း) သူတက်တဲ့ မေဂျာတဲ့ ရုက္ခဗေဒ ဘာသာရပ်ပါတဲ့.... သူ့ကိုယ်သူလည်းတော်တော် အံသြမိတယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ အပင်တွေအကြောင်းကို သင်ရလို့ပါတဲ့.... သူငယ်ငယ်ကတည်းက ဒီအတိုင်း ရေမဆေးပဲ ကိုက်စားလာတဲ့ သခွားသီးမှာ ရေဓါတ်က ဘယ်လောက်ပါတယ်.... ဘာကဘယ်လောက် ညာကဘယ်လောက်နဲ့ တော်တော်စိတ်ညစ်စရာပါလို့လည်း ငြီးပြသွားပါသေးတယ်....


နောက်တော့ စာမေးပွဲဖြေတဲ့အခါ ဆရာမအယောက်လေးဆယ်ကျော် စောင့်တဲ့ကြားထဲမှာ သူတစ်ယောက်တည်း သွားပြီးဖြေရတယ်ဆိုတာတော့ တော်တော်သနားသွားတယ်ဗျာ.... ဘာဖြစ်လို့လဲ၊ ဘာလို့သနားတာလဲဆိုတော့ စာမေးပွဲခန်းထဲမှာက စာဖြေကျောင်းသားက သူတစ်ယောက်တည်း...... ပြီးတော့သူ့လွယ်အိတ်ကို သူ့ရှေ့ကခုံပေါ်မှာတင်ထားတာတောင် ဘာမှကြည့်လို့မရအောင် ဆရာမလေးဆယ်ကျော်.... မျက်လုံး ရှစ်ဆယ်ကျော်ရဲ့ စောင့်ကြည့်မှု့အောက်မှာ ဘယ်လိုဖြေမလဲဆိုတာ တွေးတာကြည့်ပေတော့ဗျာ....


ကျွန်တော်မှတ်မိသမျှလေးတွေပါဗျာ.... မှတ်မိသမျှလေးတွေကို ကျွန်တော်ပြန်ရေးတာ အလွမ်းပြေပါ.... အရေအတွက်နဲ့ စာသားမညီညွတ်တာလေးတွေ လွဲချော်နိုင်ပါတယ်ဗျာ.... ခွင့်လွတ်ပေးကြပါလို့ ကြိုတင်တောင်းပန်ပါတယ်.... ကိုနီကိုရဲ.... ဘယ်မေဂျာကို တက်ခဲ့လဲ.... တကယ်ပဲ ရုက္ခဗေဒ ကိုတက်ခဲ့လားဆိုတာကတော့ အစ်မမိုးချိုသင်း တို့ကိုပြန်ပြီး မေးရင်ရနိုင်မယ်ထင်ပါတယ်ဗျာ.... ကိုယ်ချစ်တဲ့ စာရေးဆရာတစ်ယောက် ဆုံးရှုံးသွားလို့ ၀မ်းနည်းပါတယ်.... မိသားစု အတွက်လည်း ပြန်လည်အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုပါဗျာ....

Saturday, August 15, 2009

အခုတလော


ညီမငယ်မေကဆုန်က လာပြီး tag သွားပါတယ်.... အမှန်အတိုင်း ပြောရမယ်ဆို အခုတလောနေမကောင်းပါဘူး...ဘာဖြစ်မှန်းမသိပါဘူး Night Duty ဆင်းရတဲ့ နေ့ဆိုလည်း ပြန်ပြီးအိမ်မှာ အိပ်တဲ့အခါ အိပ်ရေးမ၀ဘူး Day Duty ဆိုရင်လည်း ညညဆိုတော်တော်နဲ့ အိပ်မပျော်တော့ မနက်မိုးလင်းတဲ့ အခါမထနိုင်ဘူး.....ဒါပေမယ့် လည်းရအောင်ထပြီး အိပ်ချင်မူးတူးနဲ့ အလုပ်သွားရတော့တာပေါ့..... ဒါကြောင့် စာတွေဆက်တိုက်မရေးနိုင်တာပါ....အခုတော့ ညီမငယ်မေကဆုန်ကလာပြီး tag သွားလို့ ကိုယ်ကလည်း ဘလော့လေးကို လွမ်းနေတာနဲ့ရေးလိုက်ပါတယ်.....ပထမဦးဆုံး tag ခံရတာဖြစ်ပါတယ်.....ကဲရေးပါပြီဗျာ။

တွေးမိနေတာက.......

"ဘာတွေတွေးနေမိမှန်း မသိဘူး စစ်တိုက်တာတွေပဲတွေးနေမိတယ်....."

ကိုယ့်ကိုယ် ကိုပြန်ဆင်ချင်တာက.....

"အရာရာကို နည်းနည်းနောက်ကျနေတယ်ထင်တယ်.....ကိုယ်လုပ်ချင်တာတွေကို သူများတွေက အရင်လုပ်ပြီးသွားကြတယ်"

ကျန်းမာရေး.......

"ကျန်းမာရေးကတော့ကောင်းပါတယ်.....အိပ်ရေးမ၀တာလေးပါပဲ...... ဒါပေမယ့် ၀ိတ်တော့ ကျသွားတယ်ဗျာ....နည်းလမ်းလေးများလိုချင်ရင်ပြောပါ.....ကူညီပါ့မယ်"

ဖတ်ဖြစ်တဲ့ စာအုပ်....


"လက်ရှိဖတ်နေတာက ဆရာတက္ကသိုလ် စိန်တင် ရေးထားတဲ့ "အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း"စာအုပ်ပါ တော်တော်ကောင်းပါတယ်"

ရောက်ဖြစ်နေတာက.....


"ကျွန်တော်လည်း Farm Town ထဲက အိမ်လေးမှာ ပင်ပန်းတဲ့ အခါသွားပြီး အနားယူပါတယ်....."

ရေးဖြစ်နေတာက.....


"ဘာတွေမှန်းတော့ မသိဘူး များသောအားဖြင့် အရေးများတာကတော့ Service Report တွေပေါ့......"

နားထောင်ဖြစ်နေတာ....


"ဆရာတော် ဦးသုမင်္ဂလ ဟောကြားထာတဲ့ တရားတော်တွေပါ..... အလုပ်တွေများပြီး စိတ်ပင်ပန်းနေလို့ပါ..... တရားနာလိုက်တော့ တော်တော်စိတ်ချမ်းသာရပါတယ်....."

ရွတ်မိနေတဲ့ ကဗျာ....


"ကျွန်တော် ကဗျာတော့ မရွတ်မိဘူးထင်ပါတယ်..... ဒါပေမယ့် နိုင်ငံတော်သီချင်းတော့ ဆိုဆိုမိပါတယ်"

ဖြစ်ချင်နေတာက


"အများကြီးပဲ.....တစ်ခုဆိုရင်တော့ ထီသိပ်ပေါက်ချင်နေပါတယ်...."

စားဖြစ်နေတတ်တာက


" အာလူးပူရီ ....ပလာတာ....."

သနားမိနေတာက


"အဝေးက.....အစ်ကိုတွေ......အစ်မတွေ ကိုပေါ့"

လွမ်းမိနေတာက


"အမေ့အိမ်....ဟိုးဝေးဝေးက အမေ့အိမ်ပေါ့....."

မေ့လျှော့နေတာက


"ကိုယ်ဖာသာကိုယ် ဘာကိုပြောခဲ့လို့ ပြောခဲ့မှန်းတောင် မသိအောင်မေ့နေတတ်တယ်....... ပေးစရာရှိတာတွေတော့ ပြောမနေပါနဲ့တော့...."

တမ်းတမိနေတာက


"အမေ့အိမ်မှာ စားရတဲ့ ဟင်းတွေ......ချည်ရည်ဟင်း"

ကြိတ်ပြီး ချီးကျူးနေမိတာ


"အများအကျိုးအတွက် ဆောင်ရွက်ခဲ့သူတွေပေါ့....."

ကြိတ်ပြီး အထင်သေးနေမိတာ


"ကိုယ့်ဘက်ကိုယ်ပဲ ကြည့်တတ်တဲ့သူတွေ"

ဆန္ဒမရှိတဲ့နေရာ


"လျှပ်စစ်မီး မမှန်တဲ့ နေရာ...... အင်တာနက်နှေးတဲ့နေရာ....."

ဆန္ဒရှိတဲ့ကိစ္စ


"NOKIA N97 လေးတစ်လုံးလောက်လိုချင်တဲ့ ဆန္ဒဖြစ်နေပါတယ်"

ချစ်နေတာက


"အခုလက်ရှိမှာ ချစ်စရာဆိုလို့ တစ်ယောက်ပဲရှိပါတယ်ဗျာ.....ဘယ်သူလဲမှန်းကြည့်ပေါ့"

စိတ်ပျက်နေမိတာက


"ဘာကိုစိတ်ပျက်နေလဲ ဆိုတာတော့သိပ်မသေချာဘူးဗျာ....ဒါပေမယ့်လည်းစိတ်ပျက်စရာတော့ရှိမှာပါလေ"

စွဲလန်းနေတာက


"အလုပ်အကြောင်းတွေပေါ့ စိတ်ဖိစီးတယ် ဆိုတာများလား.....ညညဆိုအိပ်လို့မရတာ ဒီအလုပ်အကြောင်းတွေစွဲလန်းနေလို့ဖြစ်မယ်ထင်တယ်နော်...."

လိုအပ်နေတာက


"မိသားစု စုစုစည်းစည်းနဲ့ ထမင်းဝိုင်းလေးပေါ့....အခုတော့မိဘတွေက ကိုယ့်တိုင်းပြည်မှာ ကိုယ်ကတော့ ကျွန်းပေါ်မှာ"

တောင်းတနေမိတဲ့ဆု


"စော်ကြည် ကျောက်အောင် ကြွေးကြေ တော်တော်နဲ့ အသက်မသေ အလုပ်မလုပ်ပဲချမ်းသာပါစေ"

ထပ်တလဲလဲ ပြန်အော်ဟစ်နေမိတာက


" မြန်မြန်...မြန်မြန်....အခု အလုပ်မှာဘာဖြစ်ဖြစ် အရေးကြီးတာတွေပဲတွေ့နေရတယ်လေ"

ဝန်ခံချင်တာက


"မနိုင်းနိုင်းစနေ ပြောသလို အသက်သာကြီးလာပြီး မရင့်ကျက်သေးပါဘူး"
"ညီမငယ် မေကဆုန်ပြောသလို စိတ်ကလည်း ကလေးစိတ်ပဲ ရှိပါသေးတယ်ဗျာ"
"နောက်ဆုံး ၀န်ခံချင်တာကတော့ ဘ၀ဟာလှေကားထစ်တွေဆိုရင် ကျွန်တော်ဟာ လှေကားထစ်တွေ ရဲ့အောက်ဆုံးထစ်မှာရှိသေးပြီး အခုမှ စပြီးတက်ဖို့ကြိုးစားနေတုန်းပါ.... ဒါကြောင့်အခုပို့လေးမှာ စာဖတ်သူအနေနဲ့ အမြင်မတော်တာ တွေ့ရင် ဆုံးမပါဗျာ ကျွန်တော်ကြိုးစာပြီး ပြင်ပါ့မယ်"

ရေးတော့ပြီးသွားပါပြီ.... အခုမှ ရေးပြီးတင်တာစိတ်မဆိုးပါနဲ့လို့ ညီမငယ် မေကဆုန် ကိုတောင်းပန်ပါတယ်...

Friday, July 17, 2009

ငယ်ငယ်တုန်းက အာဇာနည်နေ့

အာဇာနည်နေ့ကို ရောက်တော့မယ်ဆိုတော့ ငယ်ငယ်တုန်းက အာဇာနည်နေ့ကို သတိရမိတယ်။ မမေ့အပ်သော နေ့တွေထဲမှာ အာဇာနည်နေ့ ကထိပ်ဆုံးကပါတယ်။ ကျွန်တော် ငယ်ငယ်တည်းက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စတာတွေထက် အာဇာနည်နေ့ဆိုတာကို အရင်ဆုံး မှတ်မိနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာဇာနည်နေ့ရောက်ရင် အလေးပြု ရတော့မယ်ဆိုတာကို သိနေတယ်လေ။ နေ့လည် ၁၀း၃၇ အချိန်ရောက်တာနဲ့ မြန်မာ့အသံကနေပြီးတော့ ဥသြ ဆွဲတော့တာပဲ ဒီအချိန်မှာဆို ကျွန်တော်ဘာလုပ်နေနေ အလေးပြုတော့တာပေါ့။ ငယ်ငယ်တုန်းက အာဇာနည်နေ့တိုင်း အလေးပြုခဲ့ဘူးပါတယ်။ လေးငါးနှစ်လောက်ဆက်တိုက်ဖြစ်မယ်ထင်ပါတယ်လေ။

တကယ်တမ်းမှတ်မိနေတာ တစ်နေ့ပဲရှိတော့တယ် ကျန်တာတွေကို စဉ်းစားလို့မရတော့ဘူး။ အဲဒီမှတ်မိနေတဲ့နေ့လေးက ကျွန်တော်က အခန်းထဲက ဖေဖေ မေမေတို့ အိပ်ယာပေါ်မှာ ကစားနေတယ်။ ကျွန်တော်တို့အိမ်မှာ အဲဒီအချိန်က ရေဒီယို မရှိသေးဘူး ကျွန်တော်တို့ ခေါင်းရင်းကအိမ်မှာ ရေဒီယို ရှိတယ်။ ကျွန်တော်သိလိုက်တာက ဖေဖေ နဲ့ မေမေ ကလှမ်းကစကားပြောတာ အာဇာနည်နေ့အတွက် ဥသြဆွဲပြီတဲ့ သားလေး ထထ အလေးပြုလိုက်တဲ့။ ကျွန်တော် ငယ်ငယ်စစ်သား အရမ်းဖြစ်ချင်ခဲ့တာပါ အလေးပြုတယ်ဆိုတာ ကျွန်တော်ကျွမ်းကျင်တဲ့ အလုပ်ပဲ။ ကျွန်တော်ငယ်ငယ်က စစ်တပ်ထဲလိုက်သွားပြီး လျှောက်လည်တဲ့အခါ စစ်ခရာနဲ့ အလေးပြုနေတာတွေ့တော့ ပိုပြီးဝါသနာပါတယ်။ ဒါကြောင့်ကျွန်တော်လည်းထပြီး အလေးပြုလိုက်တာပေါ့ တကယ်တော့ အဲဒီအချိန်တုန်းက အာဇာနည်နေ့ဆိုတာ ဘယ်လောက်စိတ်ထိခိုက် ပြီးနာကြည်းစရာကောင်းတယ်ဆိုတာ အသက်ငယ်သေးတဲ့ ကျွန်တော်မသိသေးပါဘူး နောင်နှစ်တွေမှာလည်း ဘာမှန်းမသိပေမယ့် အလေးပြုတာတော့မပျက်ကွက်ပါဘူး။ နောက်တော့မှ မိဘတွေပြောပြတာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နေ့တဲ့ ဒါကြောင့်မိုလို့ အလေးပြု လို့ရအောင် မြန်မာ့အသံ ကဥသြဆွဲပေးတယ်လို့ ရှင်းပြပါတယ်။ ကျွန်တော် က အသက် ၄ နှစ် ၅ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ ဒါပေမယ့် အာဇာနည်နေ့ ရောက်တိုင်းကျွန်တော် မမေ့တော့ပါဘူး အခုအချိန်အထိလည်း ကျွန်တော် မှတ်မိနေဆဲပါပဲ။

ကျွန်တော်တို့ အသက်အရွယ်တွေက အာဇာနည်နေ့ကို မမေ့ကြပါဘူးလေ။ ဒါပေမယ့် မမေ့ကြတာ အကြောင်းအမျိုးအမျိုး ကြောင့်ဖြစ်နိုင်ပါတယ် ကိုယ့်တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားလို့၊ အာဇာနည်နေ့ဆို ရုံးပိတ်မယ်၊ ကျောင်းပိတ်မယ် ဈေးပိတ်မယ်ပေါ့ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် သတိရနေသေးတာကောင်းပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ က ဇူလိုင် ၁၉ ရက်ဖြစ်တယ်ဆိုတာလောက်ပဲ သတိထားမိနေသေးတာတော့ဝမ်းနည်းမိတယ်။ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေထဲက တိုင်းပြည်အတွက် အရမ်းအရေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ခေါင်းဆောင်ကြီးတွေ အကြောင်းကို တချို့လူငယ်တွေမသိကြတော့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော် စိတ်မကောင်း တော်တော် ဖြစ်သွားတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အသိအစ်ကိုကြီးတစ်ယောက်က သူ့ရုံးကကောင်မေလေးနှစ်ယောက် ကိုမေးဖူးတယ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဘာနေ့လဲဆိုတော့ ပြည်ထောင်စုနေ့တဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဘာနေ့လဲဆိုတော့ ချစ်သူများနေ့တဲ့ သိတယ်ဗျာ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကဘာနေ့လဲ လို့မေးတော့ အဲဒီကောင်မလေးနှစ်ယောက်က ခေါင်းကုတ်သွားပြီး "အင်း သိတော့သိတယ် .... စိုင်းစိုင်းမွေးနေ့လား ထွန်းထွန်း(Example) ရဲ့မွေးနေ့လား မမှတ်မိတော့ဘူး" တဲ့ ကောင်းရောဗျာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အာဇာနည်နေ့ ကိုရုံးပိတ်လို့ပဲဖြစ်ဖြစ် ကျောင်းပိတ်လို့ပဲ ဖြစ်ဖြစ်မှတ်မိနေသေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ကျွန်တော်ကတော့ အာဇာနည်နေ့ ရောက်တိုင်း ၀မ်းနည်းကြေကွဲမိတာ အမှန်ပါပဲဗျာ။

Tuesday, July 14, 2009

ကျွန်တော် နှင့် ဘောလုံးပွဲ


ဟိုတနေ့ က သူငယ်ချင်းတွေက ဘောလုံးပွဲအကြောင်းပြောကြတော့ ကိုယ်က ဘာမှမသိတော့ သူတို့ စကားဝိုင်းထဲ ၀င်မပြောနိုင်ဘူးဖြစ်နေတယ်။ သူငယ်ချင်းတွေ အားလုံးက ဘောလုံးပွဲကို စိတ်ဝင်စားကြတယ်။ သူတို့က ဘောလုံးပွဲစဉ်တွေ အားကစားသမားတွေအားလုံးကို သိတယ်လေ။တကယ်တော့ ဘောလုံးကန်တယ် ဆိုတာ ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လိမ်လိုက်ခေါက်လိုက်နဲ့ မကစားတတ်ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင် မကစားတတ်ဘူးဆိုပေမယ့် လုံးဝမကစားဘူးတော့မဟုတ်ဘူး။ အရင်တုန်းကတော့ တစ်ခါတစ်လေ အဖော်ကောင်းတဲ့အခါ ဘောလုံးကစားဖြစ်ပါတယ်။ အားကစားလုပ်တာ ကျန်းမာရေး ကောင်းတယ်လို့အများက ပြောကြတယ်၊ ဒါပေမယ့် အားကစားဆိုတာကလည်း အားလို့ကစားတာ၊ ကျန်းမာရေးအတွက် ကစားတာ၊ ၀ါသနာပါလို့ ကစားတာ စသဖြင့်ပေါ့ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ပိုက်ကျော်ခြင်းနဲ့ ကြက်တောင်ရိုက်တာကို သေချာကစားဖြစ်ပါတယ်။ ဘောလုံးကတော့ ကိုယ်မကျွမ်းကျင်တဲ့ ကစားနည်းဖြစ်တော့ သူငယ်ချင်းတွေများများနဲ့ အဖော်ကောင်းရင်တော့ ကစားဖြစ်တယ်။ ဘောလုံးပွဲ အကြောင်းလည်း သိပ်နားမလည်းဘူး ဘယ်သူကဘယ်အသင်းကလည်း ဆိုတာလည်း မသိဘူး၊ ဘယ်ကစားကွက်လည်းဆိုတာလည်း မသိပါဘူး၊ဘောလုံးပွဲလည်း မကြည့်ဖြစ်ပါဘူး။ ယောက်ကျားလေးဖြစ်ပြီး ဘောလုံးအကြောင်းနားမလည်ရမလားလို့ အပြစ်တင်လည်း ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ဟိုတနေ့က ရတနာပုံ ဘောလုံးအသင်း ပထမရသွားတယ်ဆိုလို့ ၀မ်းသာမိတယ်။ ၀မ်းသာရတဲ့ အကြောင်းအရင်းကတော့ ပိုင်ရှင်က ကျွန်တော့် အစ်မ တစ်ယောက်ရဲ့ မိတ်ဆွေ ဖြစ်လို့လဲပါတယ်။ ကိုယ့်အစ်မ ရဲ့မိတ်ဆွေ ဆိုတော့ ကိုယ်လည်းမသိစိတ်က အနိုင်ရစေချင်နေတယ်လေ။

အခုပြန်ပြီး သတိရလို့ ကျွန်တော်တို့ ပါဝင်ခဲ့တဲ့ ဘောလုံးပွဲ အကြောင်းပြောရဦးမယ်၊ သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ လိုက်သွားပြီး ကစားဖြစ်ခဲ့တာပါ။ "အလွတ်တန်း ဘောလုံးပြိုင်ပွဲ" ဆိုတော့ ကိုယ့်တွေလို ၀ါသနာရှင်တွေ ပဲလာပြီးကစားမယ်ထင်ခဲ့တာလည်းပါတယ်။ တကယ့်ကိုအပျော်ပဲဆိုပြီး ၀င်ပြီးစာရင်းပေးလိုက်ကြတာပေါ့။ ဘောလုံးပွဲ ကစားတော့မယ်ဆိုတော့ လေ့ကျင့်ကြရပြီလေ။ မနက်မနက်ဆို တက္ကသိုလ် လောလုံးကွင်းကိုသွားကြပြီး ၀တ်စုံပြည့်နဲ့ လေ့ကျင့်ကြတာ၊ ၀တ်စုံပြည့်နဲ့လေကျင့်ရတာလည်း အကြောင်းရှိတယ်၊ ဘယ်သူမှ ဘောလုံးကို ဘောကန်ဖိနပ်နဲ့ ကောင်းကောင်းမကန် တတ်ဘူး။ ဒါကြောင့် ဘယ်သူတွေ ဘာပြောပြောကိုယ်တွေ ကတော့ ကိုယ့်ဖာသာကိုယ်တောင် မနည်းချော်မလဲအောင် လုပ်ရတော့တာပေါ့။ ကွင်းထဲရောက်မှ ဖိနပ်မနိုင်လို့ ချော်မလဲမှာ စိုးလို့ လေ့ကျင့်တာနဲ့ ဘောလုံးတောင်ကောင်းကောင်း မလေ့ကျင့်နိုင်တော့ဘူး။ လေ့ကျင့်တာကနည်းနည်းပါ ခဏကစားပြီး နားနေလိုက် အအေးသောက်လိုက် သံပုရာသီးစားလိုက်နဲ့ အဆင်ကိုပြေလို့။ လေ့ကျင့်ခန်းက မနက်ပိုင်းလုပ်တယ်။ညနေပိုင်းက ဘီယာသောက်ကြတယ် မနက်ဖြန်အတွက် ကစားကွက်တွေကို ဆွေးနွေးကြတာ ဆိုပြီးခေါင်းစဉ်တပ်လိုက်တာပေါ့။

ဒီလိုနဲ့ ဘောလုံးကန်မယ့်ရက်ကို ရောက်ဖို့ တစ်ပတ်လောက်ပဲ ကျန်တော့တယ်။ အဲဒီမှာ ဒိုင်လူကြီးတွေဆီကို ပိုက်ပိုက်စုပြီး ရောက်အောင်သွားရတော့တာပဲ။ ကိုယ့်အသင်းအခြေအနေကို ကိုယ်တွေကအသိဆုံးလေ။ ဒိုင်လူကြီးတွေကို သွားပြီး ဖားရတော့တာပေါ့၊ သွားပြီးညှိရတော့တာပေါ့ ဖိုင်နယ်မရောက်ရင်နေ ပထမဦးဆုံးပွဲလေး နိုင်ရင်တော်ပြီပေါ့။ ကွင်းလယ်ဒိုင်က တစ်ပုံး၊ စည်းကြပ်ဒိုင် နှစ်ယောက်ကို ငါးပုလင်းဆီ လောက်ကန်တော့ လိုက်တယ်။ဒီတော့မှ ဒိုင်လူကြီးတွေက ပြောတယ် ဘောလုံးကို ၁၈ ကိုက်ထဲ (ပင်နယ်တီဧရိယာ) ထဲရောက်အောင် ဆွဲလာခဲ့ ပြီးရင် လှဲချလိုက် ပင်နယ်တီပေးမယ်။ တခြားအသင်းသားတွေကိုလည်း လူကျွံဘောတွေဖမ်းပေးမယ်၊ ပြစ်ဒဏ်ခဏခဏ ပေးမယ်ပေါ့။ တကယ်တန်းကန်လည်းကန်ရော စမ်းချောင်းလူငယ် အသင်းနဲ့တွေ့တာ တဖက်အသင်း ကလည်းကောင်းသလားမမေးနဲ့ နေ့တိုင်းကန်နေကြတဲ့။ တဖက်အသင်းက ကောင်းလွန်းတော့ ကျွန်တော်တို့မှာ ၁၈ ကိုက်ထဲမပြောနဲ့ ကိုယ့်အသင်းဘက်ခြမ်းကနေတောင် ကျော်အောင်မနည်းကန်ရတယ်။

ဒါပေမယ့် အသင်းအုပ်ချုပ်သူက ဘယ်လောက်တော်သလဲမမေးနဲ့ ကိုယ့်လူတွေက နည်းနည်းမောတာနဲ့ လှဲလှဲ ချနေတော့ သူကလည်းတော်တောင်နာလို့လှဲတယ်ထင်နေပြီး လက်ထဲ မှာကိုင်ထားတဲ့ ဒဏ်ကြေလိမ်းဆေးနဲ့ လာလာဖြန်းရတာ ဘောလုံးကန်သလောက်မောတယ်တဲ့ဗျာ။ နောက်ဆုံး မိနစ် ၉၀ ပြီးအောင်တောင် သေမလောက်ကစားလိုက်ရတယ်၊ ကျွန်တော်ဆို ကိုယ့်ကိုယ်ကို သေပြီတောင်ထင်တာ နားထဲကလေတွေထွက်ပြီး မျက်လုံးတွေဆိုပြာ နေတာပဲ။ နောက်ဆုံးပွဲပြီးသွားတော့မှ ခြေထောက်တွေကနာ လက်တွေကနာ ပြီး တကိုယ်လုံးလဲ ထုံနေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းအုပ်ချုပ်တဲ့ ကိုယ်တော်ကြီးက သူလာလာဖြန်းပေးတာထုံဆေးပါတဲ့ဗျာ။ ကဲကောင်းကြသေးရဲ့လား ကျွန်တော်ကတော့ဘောလုံးကိုစိတ်နာတာ အဲဒီကတည်းကပါဗျာ။ ကျွန်တော်ကို ကြေးစားဘောလုံးပြိုင်ပွဲမှာ ငှါးမယ့်အသင်းပိုင်ရှင်တွေ ကိုသနားလို့ ဘောလုံးကို လှည့်ကိုမကြည့်တော့တာပါဗျာ...... အဲဒီတော့ဒီကောင်ဘောလုံးပွဲ အကြောင်းမသိတာ ဘာဆန်းလဲနော်...

(သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တုန်းက အကြောင်းကိုသတိရမိလို့ပါ )

Wednesday, July 1, 2009

ပြုံးရယ်စရာဟာသ (၁)

(၁)မီးအားကျနေလို့


Customer : ကျွန်တော့်ကွန်ပျူတာ ဘာဖြစ်သွားလဲမသိဘူး

Technician: ဟုတ်ကဲ့ ဘယ်လိုဖြစ်သွားတာလဲ ခင်ဗျာ ကျွန်တော်ကြည့်လိုက်ဦးမယ်။ Power မ၀င်တော့ဘူး ဖြစ်နေတယ်။

Customer : ဟုတ်လား ဘာမှတော့အမှား မလုပ်မိပါဘူး။

Technician: ဒီမှာ Power Supply က 110 Volt ဖြစ်နေတယ်လေ၊ 110 Volt ပြောင်းလိုက်လို့လောင်သွားတာပါ။

Customer : ဘာကွ 110 Volt ပြောင်းလိုက်လို့ လောင်သွားတာဟုတ်လား၊

Technician: ဟုတ်ပါတယ်၊ မီးအားက 220 Volt သုံးတာလေ။

Customer : မင်းက ငါ့ကို ငတုံး ထင်လို့လား၊ ငါမီးအားကို ကြည့်ပြီးပြီ 90 Volt ပဲဝင်တယ်ကွ။



(၂) Screen Saver ထည့်ပေးပါ


Customer: မောင်လေး အစ်မရဲ့ ကွန်ပျူတာမှာ Screen Saver ထည့်ပေးပါနော်။

Technician: ဟုတ်ကဲ့ အစ်မ ဘယ်ကွန်ပျူတာမှာ ထည့်ပေးရမှာလဲ။

Customer: အစ်မ အခုယူလာခဲ့တယ်......ခဏနော်.....သွားယူလိုက်ဦးမယ်..

Technician: ဟုတ်ကဲ့ပါ။

Customer: ရော့.....မောင်လေး ဒီကွန်ပျူတာထဲမှာ ထည့်ပေးနော်။

Technician:အာ.... အစ်မ ဒီဟာက မော်နီတာလေ... Screen Saver ဆိုတာက PC ထဲမှာ Install လုပ်ရတာလေ။

Customer: မဟုတ်ပါဘူး အစ်မက Screen Saver ကို ဒီမော်နီတာ မှာပဲပေါ်ချင်တာလေ....




(၃) နီကေးဝေါ်


တစ်ခါတုန်းကပေါ့ Computer Center တစ်ခုမှာ တရုတ်လူမျိုး တစ်ယောက်ကွန်ပျူတာ လာဝယ်ပါတယ်။ Sales Center ကအရောင်းစာရေးမလေး တစ်ယောက်က တရုတ်လို နည်းနည်းတတ်တယ်လေ။ ဟိုတရုတ်လူမျိုးကလည်း အင်္ဂလိပ်လို မပြောနိုင်တော့ သူ့ကိုပဲအားကိုးရတော့တာပေါ့။

ကွန်ပျူတာကို စိတ်ကြိုက်ဝယ်ပြီးတော့ ပိုက်ဆံရှင်းတဲ့ အခါမှ တရုတ်လိုတတ်တဲ့ အရောင်းစာရေးမလေး ရဲ့စကားကြောင့် တရုတ်လူမျိုးကြီးနားမလည်နိုင်တော့တာပေါ့။ အရောင်းစာရေးမလေး ပြောလိုက်တာက....

"နီကေးဝေါ် တန်း အစိမ်း"

တရုတ်ကြီးလည်း နားမလည်ဘူးပေါ့ ဘာတွေပြောလည်း မသိဘူးလို့ပြောတယ်။ စာရေးမလေးကလည်း သူပြောတာနားမလည်ရကောင်းလားပေါ့...ထပ်ပြောတယ်....

"နီကေးဝေါ် တန်း အစိမ်း"
"နီကေးဝေါ် တန်း အစိမ်း"

အမှန်တော့ သူပြောလိုက်တာက "ငါ့ကို ဆယ်ဒေါ်လာ ပေးပါ" လို့ပြောလိုက်တာပါ။ မြန်မာနိုင်ငံ ရဲ့ ဘန်းစကားနဲ့ တရုတ်လူမျိုးအစစ်နဲ့ တွေ့သွားလို့ နားမလည်တော့တာပေါ့။

နီကေးဝေါ် = ငါ့ကိုပေးပါ
တန်း = ၁၀
အစိမ်း = ဒေါ်လာ

(တရုတ်လို အသံထွက်မှားရင်ပြင်ပေးကြပါနော်)



(ကျွန်တော် ကွန်ပျူတာစင်တာ မှာ အလုပ်လုပ်တုန်းက ကြုံခဲ့တာလေးတွေပါ)

Tuesday, June 23, 2009

ဖိတ်စာ နှင့် သော့ချိတ်


သူငယ်ချင်းတွေ အကြောင်းကတော့ ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေပါပြီ။ သူတို့ကလည်း သူတို့ပဲ ပြောစရာလေးတွေ ကျန်ခဲ့အောင်ကို ဖြစ်ကြတာပေါ့။ သူငယ်ချင်းတစ်ယောက် ရဲ့ မင်္ဂလာဆောင်မှာ သွားပြီး သောင်းကျန်းခဲ့တာတွေကို ရေးခဲ့ပြီးတော့ အခု နောက်တစ်ယောက်ပေါ့။ သူ့နာမည်က မယ်ဒယ်ဘွိုင်း ထင်ရှား။ မော်ဒယ် သင်တန်းတက်ပြီး အချစ်ဂျာနယ်မှာတောင် ပါခဲ့ပါသေးတယ်။ တကယ်ပြောတာ မော်ဒယ်ပါဆို..... သူ့မင်္ဂလာမဆောင်ခင် ရက်ပိုင်းအလိုလောက်လေးက အမှတ်တရလေးပေါ့။

သူတို့ နှစ်ယောက်က ကြယ်ငါးပွင့်ဖူးစာပါ။ ဘာဖြစ်လို့လည်းဆိုတော့ မော်ဒယ်ဘွိုင်းရဲ့ အစ်ကိုက သွင်းကုန်၊ ထုတ်ကုန် အေးဂျင့်ပေါ့။ ဒါကြောင့် သူလည်း စထုံးနောက်ယောင်ပါ ဆိုသလို သဘောင်္တင်သွင်းမယ့် ကိစ္စတွေ အတွက် ဒီရုံးကို ချောင်းမရှိပဲ ချောင်းဖြစ်အောင် သွားရတယ်။ အဲဒီမှာ စတွေ့တာပဲ...... သူ့ကောင်မလေးကို ပြောတာ။

သူတို့ သမီးရည်းစား ဖြစ်သွားပြီး ချစ်သမျှမှာ ကိုယ်က ကန့်လန့်ကန့်လန့် နဲ့သွားလေရာကို ပါတယ်လေ။ သူတို့ကလည်း သမီးရည်းစား မဖြစ်ခင်ကတည်းက ကိုယ့်သူငယ်ချင်းကို ဘာဖြစ်ဖြစ် တိုင်ပင်တယ်လေ။ ဒီလိုနဲ့ ချစ်သူသက်တမ်း တစ်နှစ်ခန့်တွင် မင်္ဂလာဆောင်ကြ လေတော့သတည်းပေါ့။

မင်္ဂလာဆောင်တော့မယ် ဆိုတော့ သူငယ်ချင်းတွေကိုလည်း ဘယ်သူကဘာလုပ်ရမယ် ညာလုပ်ရမယ် စသည်ဖြင့် အားလုံးကို မော်ဒယ်ဘွိုင်းက တာဝန်တွေလည်းပေးပြီးပြီ။ သူ့မင်္ဂလာဆောင်မှာ သတို့သား သတို့သမီး စီးမယ့်ကားက ဒီကမောင် တာဝန်ကျတယ်။ သူတို့ကို ကြိုမယ်ပို့မယ် မင်္ဂလာဆောင်မှာ စီစဉ်စရာတွေကိုလည်း တောက်တိုမယ်ရ တာဝန်မှုး ဖြစ်သွားပါတယ်။ သူတို့ကမင်္ဂလာခန်းမ ငှါးတာ ပန်းအလှပြင်တာ တီဝိုင်းငှါးတာတွေကို အားလုံး လုပ်ပြီးသားပါ။ မင်္ဂလာဆောင်မယ့် နေ့ရောက်တဲ့အခါ မှာသာ သူငယ်ချင်းက လိုအပ်တာတွေ ၀ိုင်းဝန်းလုပ်ပေးရုံ သက်သက်ပါ။

ပြောချင်တာက မင်္ဂလာမဆောင်ခင် ရက်ပိုင်းအလိုမှာပေါ့ ကျွန်တော်တို့အိမ်နားမှာ မီးလောင်ပါတယ်။ မီးလောင်တာက အိမ်သုံးလုံးလောက်ပဲ ပါသွားတာပါ။ ဒါပေမယ့် မီးသတ်ကားက အစီးနှစ်ဆယ်လောက် ရောက်လာပါတယ်။ ရေကားတွေတောင် ပါသေးတယ် မီးသတ်ကားက ရေကုန်သွားရင် နောက်က ရေကားတွေနဲ့ တွဲပြီး ပက်ရအောင်လေ။ လာတာလည်း မပြောနဲ့လေ မီးသတ်ဦးစီးဌာနနေ့ ကနောက်နေ့ဆိုတော့ မီးသတ်ဌာနတိုင်းမှာ ချက်ပြုတ်နေကြတာလေ ဘယ်သူမှမအိပ်သေးဘူးတဲ့။ မီးလောင်တယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်က အဘွားကို ကားပေါ်တင်ပြီး ဟိုးဘက်လမ်းမကြီးရဲ့ အပြင်မှာ သွားရပ်ထားရတယ်။ ကျွန်တော့် အဒေါ်တွေဆို ကားပေါ်ကို တင်ပေးလိုက်တာ အဖိုးတန်တာဆိုလို့ ဖုန်းတွေပဲပါတယ်။ ကျန်တာတွေက လျှော်မယ့် တောင်းထဲက ၀တ်ပြီးသားတွေနဲ့ အိမ်နေရင်း အဟောင်းတွေချည်းပဲ။

ဒါနဲ့ ကိုယ်လည်း မတတ်နိုင်တော့ဘူး လောင်လည်းလောင်ပါစေတော့ ဆိုပြီးစိတ်လျော့ပြီး အိမ်မှာကျန်တာလေးတွေကို ပြန်စောင့်မယ်ပေါ့။ ကျွန်တော့် ဘကြီးနဲ့ ဦးလေးတွေကတော့ အိမ်မှာ စောင့်နေကြတယ်လေ။ အိမ်ကိုပြန်စောင့်တာ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကနေပြီး ဘာပစ္စည်းမှ မသယ်နိုင်ဘူးလေ။ ကျွန်တော့်အဒေါ်ဆို အိမ်ဆောက်ထားတာ အချောသတ်တုန်းရှိသေးတယ်။ သူ့အိမ်လေးတော့ မီးထဲပါတော့မှာပဲဆိုပြီး ရွတ်လိုက်တဲ့ ပရိတ်ဆိုတာ သီလရှင်တောင် ငိုသွားနိုင်တယ်။

ကိုယ့်အိမ်ပြီးတော့ သူငယ်ချင်း မော်ဒယ်ဘွိုင်းရဲ့ အိမ်ကလည်း ကိုယ့်အိမ်နဲ့ လေးငါးလုံးလောက်ပဲ ခြားတော့ သွားကူညီဦးမယ်ပေါ့။ သူတို့အိမ်မှာက ကားက နှစ်စီးရှိတယ် သူ့ညီလေးက ကားတွေ ကို အပြင်လမ်းမ ကိုထုတ်ပြီးတော့ သူအမေနဲ့ အဖေကလည်း စာရွက်စာတမ်းတွေနဲ့ အရေးကြီးတာတွေကို သယ်ရတာပေါ့။ မီးလောင်တာက သူတို့အိမ်ရဲ့ နောက်ဖက်လမ်းက မျက်စောင်းထိုးလောက်မှာ ရှိတယ်လေ ပိုနီးတယ်။ အဲဒီအချိန်မှာ အားလုံးထွက်လာပြီးပြီ သူကဘာတွေသယ်နေလဲဆိုတော့ အရေးအကြီးဆုံး ပစ္စည်းတွေ သွားသယ်နေတာတဲ့။ နောက်တော့ မီးကငြိမ်းသွားပါတယ် မီးသတ်ကားတွေ အများကြီးနဲ့ ငြှိမ်းလိုက်တာဆိုတော့ တော်သေးတာပေါ့။ မီးငြိမ်းသွားပြီးမှ မေးကြည့်တော့ ဘာတွေအရေးတကြီး အသက်စွန့်ပြီး ၀င်သယ်နေတာလဲလို့မေးတော့။ သူ့ထုံးစံအတိုင်း ပြုံးပြုံးလေးပြန်ဖြေပါတယ်...


ဖိတ်စာနဲ့ သောချိတ်ပါတဲ့ဗျာ။ သူ့မင်္ဂလာဆောင်ကို ဖိတ်စာတချို့ ဝေပြီးသွားလို့ အပျက်မခံနိုင်ပါဘူးတဲ့ဗျာ။




(သူ့မိန်းမ ကိုယ်ဝန်ရှိတော့ ကျွန်တော်က အားရှိအောင် အစားအစာတစ်ခု လိုက်ကျွေးဖူးပါတယ်။ ကျွန်တော့်ကို အမေကိုယ်ဝန်ရှိတုန်းက တရုတ်ဆေးနဲ့ ၀က်မြှီးနဲ့ ပေါင်းပြီးစားတာ အားရှိတယ်လို့ပြောလို့ သူ့မိန်းမကို ကျွန်တော် ဆိုင်မှာလိုက်ပြီး ၀က်ြမှီးဝယ်ကျွေးခဲ့ဘူးတယ်။ သူ့ကလေးမွေးတော့ အားရှိတဲ့ ယောက်ကျားလေးဖြစ်တဲ့ အပြင်ဆော့လိုက်တာမှာ ၀က်မြှီးလိုပဲ ငြိမ်ငြိမ်ကို နေဘူးတဲ့.....)

Thursday, June 18, 2009

ကလေးအနှီး ပဲလျှော်မယ်


“ဟေ့ကောင် သွားမယ်လေကွာ နောက်ကျတော့မယ် မင်္ဂလာဆောင်မှာက မင်းလား ဟိုကောင်လား မင်းကပိုလှချင်နေတယ်” လို့ သူငယ်ချင်း တစ်ယောက်က လှမ်းပြောမှ ကျွန်တော်လည်း မြန်မြန်ဆန်ဆန် အ၀တ်အစား ၀တ်လိုက်ပြီး အိမ်မှထွက်လိုက်တယ်။ သွားမှာက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပါ။ မင်္ဂလာဆောင်မည့် သူငယ်ချင်းက သူ့ကောင်မလေးကို ဘယ်လိုရအောင် ယူခဲ့ရတယ်ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်္ဂလာဆောင်မယ့် သူငယ်ချင်းတွေက ဇင်မင်းဦး နှင့် စိုးယုမော်ပါ။

ရုပ်ရှင်တွေထဲက အတိုင်းကို သေချာ စီစဉ်ရတာဗျာ။ (နောက်မှ သေချာ အသေးစိတ်ရေးမယ်နော်) သူတို့ မင်္ဂလာဆောင်တော့ သတို့သားရဲ့ အမေက ကျွန်တော်တို့ကို ပြောပါတယ်ဗျာ “သားတို့ မင်္ဂလာဆောင်တယ် ဆိုတာ ဘယ်လောက်တောင် ပင်ပန်းလည်း တွေ့တယ်မဟုတ်လား” တဲ့။ ကျွန်တော်တို့က သူ့အမေကို ပြန်ပြီး ပြောလိုက်ပါတယ် ဟုတ်တယ်အန်တီရယ် မင်္ဂလာဆောင်တာ သူငယ်ချင်းတွေ အရမ်းပင်ပန်းတာပဲလို့ ဒီကောင် မင်္ဂလာသာဆောင်တာ၊ မိန်းမသာယူတာ ဘာမှ မပင်ပန်းလိုက်ဘူး ပင်ပန်းတာက ကျွန်တော်တို့ သူငယ်ချင်းတွေပါ။

ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာဆောင်တဲ့ သတို့သားလောင်း ဆိုတော့ ဘာမှမလုပ်ရဘူးပေါ့။ မနက်မိုးလင်းထဲက ကျွန်တော်တို့က စောစောရောက်အောင် သွားပြီး လုပ်စရာရှိတာတွေ အကုန်ဝိုင်း လုပ်ပေးရတာပေါ့။ ပြောရဦးမယ် ကိုယ့်အကြောင်းကိုယ် သူငယ်ချင်းတွေထဲမှာ ကားမှန်သမျှကို ကောင်းကောင်း မောင်းပေးနိုင်တာက ဒီအီဖေကိုယ်ပေါ့။ မင်္ဂလာဆောင်တဲ့ သူငယ်ချင်းရဲ့ ကားက ပုံမှန် ဆလွန်းကား မဟုတ်ဘူးလေ နည်းနည်းကြီးတယ် Town Ace လိုပုံစံမျိုးဆိုတော့ နည်းနည်းကြီးတယ်ပေါ့၊ Town Ace ထက်တောင်နည်းနည်းကြီးတယ် ပစ်ကပ် ပေါ့။ ဒီတော့ ဒီမောင် အလှည့်ကျတာပေါ့။ သူတို့အမျိုးတွေနဲ့ သယ်စရာရှိတာတွေကို သူ့ကားနဲ့သယ်တာပေါ့။

မင်္ဂလာဆောင် ပြီးတော့လည်း အားလုံးဝိုင်းဝန်းပြီး ပစ္စည်းတွေ အိမ်ကို သယ်တော့လည်း ကျွန်တော်တို့ အဖွဲ့ပေါ့ ဒါပေမယ့် ညနေပိုင်း ဒုတိယပိုင်း ၄၅ မိနစ်ကတော့ ကိုယ်တို့အဖွဲ့ပဲ ဆက်ကစားမယ်ပေါ့ ဟဲဟဲ…….. သူ့မိဘတွေကလည်း အိမ်မှာပဲ ညစာစားပွဲလေး လုပ်လိုက်ပေါ့၊ သူငယ်ချင်းတွေက ဘာဘာညာညာတွေ သောက်ချင်လည်း သောက်လို့ရအောင် စီစဉ်ပေးမယ်တဲ့၊ သောက်ချင်တာ ဟိုကောင်တွေပေါ့ ကိုယ်ကတော့ သူတို့တိုက်လို့သာ သောက်ရတာ ဘာကြီးမှန်းကိုမသိဘူး အခုထိလည်းမသိသေးဘူး ဒါကြောင့်သာ သူတို့တိုက်တိုင်း သောက်နေတာ အခုထိလည်း ဘာမှန်းမသိသေးပါဘူး။

သောက်ချင်တဲ့ သူငယ်ချင်းတွေရှိတော့ ညနေပိုင်း ဧည့်ခံရတာပေါ့ သောက်ချင်တဲ့ သူငယ်ချင်းတွေဆိုတာ အောင်ကို၊ အောင်မျိုးဇော်၊အောင်သူရ၊ စိုးပိုင် တို့ပေါ့…… သောက်လည်း သောက်ကျရော အောင်မလေး လက်တွေက မီးပွိုင့်တပ်ပြီး မော်တော်ပီကယ် ခေါ်ထားရမလားပဲ၊ သောက်လိုက်တာလည်း စုံလို့ပါပဲ ကိုကြီးကျော်နဲ့တောင် သယ်ရင်း ဖြစ်သွားတယ်။ ဇင်မင်းဦး အိမ်ကလည်း စီစဉ်ပေးတာ စားလို့သောက်လို့ ကောင်းမှကောင်းဗျာ၊ ငါးကို အထဲမှာ အစာသွတ် ပြီးကင်ပေးတာတောင်ပါတယ် စားသောက်ဆိုင်ထက် မသာလျှင်တောင်မှ မညံ့ထက်လက်ရာတွေနဲ့ စားလိုက်သောက်ကြတာ နောက်ဆုံး ဘယ်လောက်အထိ ကောင်းလဲဆို သူငယ်ချင်း အောင်ကို ကဆို ငါဒီကောင့် ကားပေါ်မှာပဲ လေလေးတဖြူးဖြူးနဲ့ အိပ်တော့မယ်ဆိုလို့ မနည်းတင်ခေါ်ပြီး အိပ်ပြန်ပို့ခဲ့ ရတယ်။ အမှန်တော့ သတို့သားကို မူးအောင်တိုက်ရင်းနဲ့ ကိုယ်တွေမူးသွားတာပါ ဟိုကောင်က စိတ်က မာတယ်လေ မူးကိုမမူးတာ။

နောက်နေ့ မနက်မိုးလင်းတော့ အောင်ကိုအိမ်ကိုသွားပြီး လဘက်ရည်ဆိုင် သွားဖို့ခေါ်တော့ အိပ်ချင်မူးတူးနဲ့ နောက်ဆို အရက်တွေ ဘီယာတွေ ဘယ်တော့မှ မသောက်တော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး ဆယ်ရက် လောက်လည်းနေရော ဘီယာဆိုရင်တော့ မဆိုးဘူးကွ အရက်ကတော့ တော်တော်ခံရခက်တယ်လို့ပြောပါရော……



(သူငယ်ချင်းတွေ အတွက်အမှတ်တရပါ အခု ဘီယာတွေ အရက်တွေမသောက်တော့ပဲ ကလေး အနှီးတွေပဲလျှော်နေတယ်လို့ နောက်ဆုံးသတင်းရပါတယ်ခင်ဗျာ)

Saturday, June 13, 2009

နွေရာသီ ကျူရှင်

နွေရာသီ နေ့လည်ခင်းလေးမှာပေါ့။ အရမ်းပူတယ်လို့ ပြောလို့ရပါတယ်။ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရင်ဝတ်နေတယ်ဗျာ။ အဲဒီနေ့လည်ကပေါ့ ကိုးတန်း စာမေးပွဲဖြေပြီး နွေရာသီ ကျောင်းပိတ်ရက်ဆိုတော့ ဆယ်တန်းအတွက် ပြင်ဆင်ရပြီလေ။ ဆယ်တန်းစာတွေကို ကြိုတင်ပြီး သင်ရအောင် နွေရာသီ ကျူရှင်သင်တန်းကို သွားပြီး ကျောင်းအပ်ကြတာပေါ့။

သူငယ်ချင်းကောင်မလေးက သူ့သူငယ်ချင်း ကောင်မလေးတစ်ယောက်ကို ကျူရှင်အတူတက်ရအောင် ဆိုပြီးခေါ်လာတယ်လေ။နွေရာသီသင်တန်းကို တူတူတက်မယ်ဆိုပါတော့။ ကိုရင်ဝတ်နေတဲ့ သူငယ်ချင်းရဲ့ အစ်မ၀မ်းကွဲလည်းပါတယ်လေ ကျူရှင်လိုက်အပ်ပေးမှာ အဲဒီ အစ်မပေါ့၊ ကဲသွားကြမယ်လည်းဆိုရော သူငယ်ချင်းကောင်မလေးနဲ့ သူ့သူငယ်ချင်းကောင်မလေးက စက်ဘီးတစ်စီး ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းအစ်မနဲ့က စက်ဘီးတစ်စီး နေပူပူမှာ ကျူရှင်သင်တန်းကို သွားကြတယ်။

သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် အတွင်းက ရူပဗေဒ သင်တဲ့ ဆရာ ဦးဥာဏ်လွင် ကျူရှင်ကို အရင် သွားအပ်တယ် ပြီးတော့ ဓာတုဗေဒ သင်တန်းက ဆရာ ဦးညီညီ ဆီမှာအပ်တယ်။ နောက်ပြီး ဇီဝဗေဒ ကို ဆရာဦးဝင်းမြင့်မှာ အပ်တယ်ပေါ့။ သင်တန်းတွေ အပ်ပြီးသွားတော့ ပြန်ကြတဲ့အခါ မ၀တ်ချင်ဘဲအောင့်အီးပြီး ကိုရင် ၀တ်နေရတဲ့ သူငယ်ချင်းဆီကိုသွားတယ်။ သူက ကိုရင်သာ ၀တ်နေတာ ခဏလေးဝတ်တာတောင် စိတ်က အပြင်မှာပဲလေ။ ပြီးတော့ သူငယ်ချင်းရဲ့ သူငယ်ချင်း ကောင်မလေးကို လိုက်ပို့တာ ကျွန်တော်ပါလိုက်သွားမိတယ်။

ဘာဖြစ်တယ် မသိပါဘူး နွေခေါင်ခေါင်မှာ ရင်ထဲကို အေးသွားတာပါပဲ။ နောက်တော့ ကောာင်မလေးလည်း ကျူရှင်လာတက်ရော ကိုယ်လည်းနင်းလိုက်ရတဲ့ စက်ဘီးဆိုတာ အဖြောင့်တိုင်းထားရင် ဂျာမနီ တောင်ရောက်သွားနိုင်တယ်။ ကိုယ်လည်းကိုယ့်ပီတိနဲ့ ကိုယ်ဆိုတော့ ဘာဖြစ်ဖြစ် နင်းမှာလေ ပြန်သာပြောနေတယ် ကောင်မလေးကတော့ အဲဒီအချိန်က ဘာမှန်းတောင်သိမှာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ကြည်နူးတာဆိုတော့ ဘယ်သူတွေ ပြောပြော အခုနင်းခိုင်းလည်း သူ့အတွက်ဆိုရင်တော့ နင်းပြီးသားဗျ။



(ခေါင်းစဉ်နဲ့ မဆိုင်ဘူးလားတော့မသိဘူး သိပ်ပြီး စာမရေးတတ်လို့ ခွင့်လွတ်ပါနော် ၊ သူငယ်ချင်းတွေနဲ့ ကိုယ်ရဲ့အကြောင်းလေးတွေ သတိရလို့ပါ )

Tuesday, June 9, 2009

"လိမ္မော်သီးနှင့် အိမ်စာ"


ငယ်ငယ်တုန်းက ကြုံခဲ့တာလေးတွေပါ။ ငယ်ငယ်တုန်းက ကျောင်းစတက်တဲ့နေမှာ ကြုံခဲ့တာလေးတွေပါ။ ငယ်ငယ်တုန်းက တော်တော် တုံးတယ်လို့ပြောကြတယ်။ အခုလည်း တုန်းနေဆဲပါ။ အဲဒီတုန်းက လိမ္မော်သီးကို ဘယ်လိုစားရမလဲ မသိဘူးတဲ့။ ဘယ်လိုဖြစ်တယ် ဆိုတာပြောပြမယ်နော်။

ငယ်ငယ်တုန်းက ပထမဦးဆုံးနေ့ ကျောင်းသွားတက်တော့ မေမေက လိမ္မော်သီး ထည့်ပေးလိုက်တယ်။ အဲဒါကို အခွံမခွာတတ်တာ။ လိမ္မော်သီးကို ပန်းသီးလို အောက်မေ့ ပြီးတော့ ကိုက်စားလိုက်တာ။ မျက်လုံးထဲကို အရည်တွေဝင်ပြီး ငိုရတာပေါ့။ ပြန်လာတော့ မေမေကို စိတ်ကောက်ပြီး အပြစ်တောင်တင်သေးဆိုပဲ။ စားလို့မရတဲ့ အသီး ထည့်ပေးလိုက်ရပါမလားဆိုပြီး စိတ်လည်း ကောက်သေးတယ်တဲ့။ လိမ္မော်သီမှာလည်း သွားရာကြီးက အထင်းသားပဲတဲ့။

နောက်ပြီး ရှိသေးတယ်။ အိမ်စာလုပ်ခဲ့ရမယ်လို့ဆရာမက ပြောလိုက်တယ်။ အိမ်စာဆိုတာ ဘာမှန်းကို မသိသေးတာပါ။ သူငယ်တန်းစတက်တဲ့ နေ့မှာပေါ့။ အဲဒီနေ့က မိုးတွေရွာတယ်။ ဟီးဟီး.... (ဆရာအကြည်တော် တို့ နီကိုရဲ တို့ သုံးနေကြစကားပါ။) တကယ်လည်း ရွာမယ်ထင်တယ်။ မမှတ်မိတော့ဘူး။ အိမ်ပြန်ရောက်တော့ စိတ်ညစ်ညစ်နဲ့ လက်သမားငှားဖို့ဖေဖေကို ပူဆာတော့တာပေါ့။ အိမ်ဆောက်တာလည်း မကြာသေးတော့ လက်သမားတွေ အိမ်ဆောက်တာကိုသိတော့ လက်သမားဆရာ ခေါ်ပေးပါ ဘာညာပေါ့။ နောက်မှမိဘတွေက ရှင်းပြမှသိတာ၊ အိမ်စာကို ကိုယ်က အိမ်သာ လို့ကြားလိုက်တာလေ။ ဒီလိုနဲ့ပဲ ကျောင်းစတက်တဲ့ ပထမဦးဆုံးနေ့ကိုစတင်မိတ်ဆက်မိပါတော့တယ်။