Saturday, November 7, 2009

တန်ဆောင်မုန်းလပြည့်နေ့ နှင့် သခိုးကြီးည

ဒီအချိန်ဆို သူတို့ပျော်နေကြတော့မယ် ကျွန်တော်ကောင်းကောင်း သိနေပါတယ်လေ…… ကျွန်တော်တို့အိမ်နားမှာ ဘုရားတစ်ဆူရှိတယ် အိမ်ကနေပြီး ဆယ်မိနစ်လောက် လမ်းလျှောက်သွားမယ်ဆိုရင် သမိုင်းဝင် ဆံတော်ရှင်စေတီ တစ်ဆူကိုရောက်သွားမှာပါ။ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်ညတိုင်း ကျွန်တော်တို့မြန်မာ့ရိုးရာ အစဉ်အလာအရ မသိုးသင်္ကန်းများ ရက်လုပ်ကြတယ်….. နောက်တနေ့ မနက်အာရုံတက်တဲ့ အခါမှာ ဘုရားပုထိုးတော်တွေမှာ မသိုးသင်္ကန်းများ ကပ်လျှူကြမှာဖြစ်ပါတယ်… ဒါကြောင့်သူတို့ပျော်နေကြတာပါ…… ရက်ကန်းစင်မှာ ရက်ကန်းယက်ကြမယ့်၊ ပြိုင်ပွဲဝင်ကြမယ့် အမျိုးသမီးလေးတွေပေါ့ ပျော်မယ်ဆိုလည်းပျော်စရာပါပဲလေ….. ရက်ကန်းစင် နာမည်တွေကလည်း လှပလိုက်တာ အမရာ၊ ကိန္နရီ၊ မဒ္ဒီ နှင့် သမ္ဘုလ တို့ပဲဖြစ်ကြပါတယ်…… ပထမဆု၊ ဒုတိယဆု နှင့် တတိယဆု သုံးဆုလည်းချီးမြှင့်ဦးမှာတဲ့….. ဆိုင်းဝိုင်းကြီးကလည်း “လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ ” “ လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်ကကြးသလေလေ” ဆိုတဲ့ “မလေးလက်ခတ်သံ” သီချင်းများနဲ့ ဧည့်ခံသီချင်းများကို ရွာစားကျော်က လက်ကုန်တီးခတ်ပြီး အဆိုတော်ကလည်း မမောနိုင်မပန်း သီဆိုဖျော်ဖြေနေကြတယ်လေ။

နောက်တနေ့ မနက်အာရုံမတက်ခင်မှာ အားလုံးပြီးစီးကြပါတယ်….. သင်္ကန်းရက်သူက ရက်လုပ်ပြီးတဲ့ အခါ တိုင်းထွာပြီး ၀ိနည်းနဲ့ အညီချုပ်လုပ်ကြပါတယ်…. အားလုံးပြီးစီးတဲ့ အခါမှာတော့ ရက်လုပ်ထားတဲ့ သင်္ကန်းတွင် ချည်ကျော်မရှိခြင်း၊ သေသပ်လှပ ကောင်းမွန်ခြင်း၊ ချုပ်ရိုးချုပ်သား ကောင်းမွန်ခြင်း၊ အမြန်ဆုံး နှင့် အကောင်းဆုံး ရက်လုပ်နိုင်တဲ့ အဖွဲ့ကို ပထမဆု၊ ဒုတိယအကောင်းဆုံး အဖွဲ့ကို ဒုတိယဆု နှင့် တတိယအကောင်းဆုံး အဖွဲ့ကို တတိယဆုများ ချီးမြှင့်ပါတယ်…. အာရုံတက်တဲ့အခါမှာတော့ သင်္ကန်းတော်များကို ကပ်လှူပူဇော်မည့် ရုပ်ပွားတော်မြတ်များရှိရာသို့ ရင်ပြင်တော်တလျှောက် သယ်ဆောင်ကြပါတယ်….. သယ်ဆောင်ရာ လမ်းတလျှောက်မှတော့ ပန်းများ၊ ပေါက်ပေါက်များ ကြဲကာ ပူဇော်ကြပါတယ်…..


လပြည့်နေ့ည ရောက်တဲ့အခါမှာတော့ ဆေးပေါင်းခသတဲ့၊ “ကတိသစ္စာများမြဲတဲ့အခါ နွယ်ပင်မြက်ပင်တော် ဆေးဘက်ဝင်တယ်တဲ့” ဆိုလိုတာကတော့ တန်ဆောင်မုန်းလပြည့်နေ့ ညမှာ နတ်က္ခတ်တာရာတွေ စုံလင်တယ်လို့ ကြားဖူးပါတယ်…. ဒီလိုအချိန်မှာ မှန်ကန်တဲ့သစ္စာ စကားကိုဆိုပြီး စားတဲ့အစားအသောက်တွေက ဆေးဖက်ဝင်တယ်လို့ကြားဖူးပါတယ်..... များသောအားဖြင့်တော့ မဇလီဖူးသုပ်စားကြတာကြုံဖူးပါတယ်…… တစ်ချို့တစ်ချို့သော လူငယ်တွေကတော့ ဆေးမင်ကြောင်ထိုးကြသတဲ့….. အစွမ်းထက်ချင် လို့ထိုးတာလား၊ လှချင်လို့ထိုးတာလားတော့ မသိပါဘူး၊ မြန်မာ့သမိုင်းမှာ ဟိုးအရင်ကတည်းက ရှိလာတဲ့ ယဉ်ကျေးမှု့တစ်ရပ်ပါပဲလေ…. ရှေးအခါကတော့ ဆေးမင်ကြောင်၊ ထိုးကွင်းမင်ကြောင်မှ မရှိရင်ယောက်ကျားမပီသဖူးလို့ ပြောကြတာပေါ့…..


“ဆေးနက်ကယ်မှ ဆေးနီ၊ စုံစီထိုးကွင်း
အင်းပါ၊ စက်ပါ၊ တကိုယ်လုံးမှာ
ကျားနှင့် ကြောင်လည်း၊ တတောင်သာငဲ့”

ဟိုးအရင် မြန်မာများသည် ထိုးကွင်းမင်ကြောင်ထိုးရတဲ့ ရည်ရွယ်ချက်ကတော့ ယောက်ကျားပီသကြောင်း ပြသရန် နှင့် အစဉ်အလာအရလည်းကောင်း၊ ယုံကြည်မှု့အရလည်းကောင်း၊ အလှအပအတွက်လည်းကောင်း ထိုးကြတယ်လို့ မှတ်သားဖူးပါတယ်….. မြန်မာရိုးရာ ကိုယ်ခံပညာဖြစ်သော လက်ဝှေ့သတ်ခြင်းကို ထိုးသတ်ကြသည့် ပညာရှင်များကလည်း မြန်မာ့သူရဲကောင်းပီသစွာ ထိုးကွင်းမင်ကြောင်များထိုးကြသည်ပဲ…. ရိုးရာယဉ်ကျေးမှု့ဖြစ်သေား ဆေမင်းကြောင်တွင် စိတ်ဝင်စားဖွယ်များ ကိုအချုပ်အားဖြင့် ဖော်ထုတ်ရမည်ဆိုလျှင် …….
နတ်ကြီးငါးပါးစသော မြင့်မြတ်သော ဆေးတို့ကို ဟင်းသပြဒါးဖြင့် ခါး၏အထက်ပိုင်းတွင် ထိုးသည်ကို အထက်ဆေး၊ ဆေးရိုးကြီးစသော ဆေးမျိုးတို့ကို နွားသည်းခြေနှင့် သတ်ထားသော မင်နက်ဖြင့် ခါးအောက်ပိုင်းတွင် ထိုးနှံသည်ကို အောက်ဆေးဟု အကြမ်းအားဖြင့် ခေါ်၏။
အထက်ဆေးများကို လည်တိုင်၏ တဖက်တချက်တွင် သိကြားရုပ်စစ်တစ်ခု၊ သိကြားရုပ်တုတစ်ခု၊ အလယ်သွင်းထားသေား ဆေးကွင်းနီတစ်ခုစီ။ လည်ဂုတ်ဆံတွင် ဗြဟ္ဗာရုပ်ကို အလယ်သွင်းသည့် ဆေးနီကွင်းတစ်ခု၊ ရင်အုံ နှစ်ဘက်ပေါ်တွင် က,နေသော ဇော်ရုပ်အလယ်သွင်းသည့် ဆေးနီကွင်းတစ်ဖက်တခု၊ အလယ်ဗဟိုရင်ချိုင့်၏ အောက်တည့်တည့်တွင် သူရဿဒီနတ်သမီးရုပ် အလယ်သွင်းသည့်ဆေးကွင်းနီတစ်ခု။
သူရဿဒီရုပ်၏ အောက်ဝမ်းပိုက်နှင့်တည့်တည့် နံစွန်းနှစ်ဘက်တွင် တေရဠ နတ်မင်းကြီးနှင့် ၀ီရဠက နတ်မင်းကြီးတို့ကို တကွင်းတခုစီ အလယ်ထား၍ လည်းကောင်း၊ နံဘေးတည့်တည့် ချိုင်းအောက် တဖက်တချက်တွင် ၀ိရုပက္ခ နှင့် ကုဝေရ နတ်မင်းကြီး တို့ကို တကွင်းတခုစီ အလယ်ထား၍လည်းကောင်း၊ လောကပါလနတ်မင်းကြီးလေးပါပုံ ဆေးနီကွင်းလေးခုကို ထိုးတတ်ကြ၏။

ထို့အတူပင် တောင့်သန်သော ပေါင်တန်တွင် ဂဠုန်ရုပ်၊ နဂါးရုပ်၊ များလူးရုပ်၊ ကြောင်ရုပ်၊ ဂ၀ံရုပ် စသည်တို့ကို အလယ်သွင်း၍ ဆေးရိုးဘီးဖြင့် ထိုးနှံသည့် စိမ်းညှို့ညှို့ မင်ကြောင်များသည်လည်း ရှေးခတ်မြန်မာများကို ခန့်ငြားပြီး၊ ယောက်ကျားပီသကာ တင့်တယ်စေပါသည်။ ထို့အတူပင် နောက်နေ့တွင် ထိုးထားသည့်ဆေးစွမ်း မစွမ်းကိုတော့ဖြင့် စမ်းသပ်သည့်အနေဖြင့် ကျေးရွာများတွင် လေးပင်သည့် ပစ္စည်းများ၊ အိမ်အတွင်းမှာထားသည့် ပစ္စည်းများကို ရွှေ့ပြောင်းထားခြင်းဖြင့် ဆေးစမ်းသပ်ကာ အပျော်သဘော ဆင်နွဲကြပါသည်။



ကျွန်တော်တို့ မွေးဖွားလာတဲ့ အချိန်မှာတော့ ဒီဆေးမင်ကြောင်တွေ မမြင်ရတော့လောက်အောင် ပျောက်ကွယ်သွားပါပြီ…… ဒါပေမယ့်အစဉ်အလာမပျက် အခုချိန်ထိတော့ အစဉ်အလာမပျက်ဆင်နွဲ နေတဲ့ပျော်ပွဲကတော့ “ကျီးမနိုးပွဲ” ပါဗျာ….. လပြည့်ကျော်တစ်ရက်နေ့ ညရောက်ပြီဆိုလျှင်ဖြင့် အမောင်ကာလသားတို့မှာ တစ်ညလုံး ချက်ပြုတ်စားသောက်ကာဖြင့် အသုတ်ဆိုင်များ၊ ကွမ်းယာဆိုင်များ နှင့် ထိုင်ခုံများကို နေရာရွှေ့ပြောင်းကြပါတတ်ကြပါတယ်….. တစ်ခါတလေများဖြင့် လူများများဖြင့် လမ်းမတွင် ညအိပ်ရပ်နားထားသော ကားများကိုပါ တွန်းပြီးတော်တော်ဝေးဝေး သို့ရောက်အောင် ရွှေ့ထားတတ်ပါသေးတယ်….. အပျိုကြီးများနေသောအိမ်ကို အငြိမ့်သဘင်ကြီး မင်းသားအလိုရှိသည်…… သမီးများမွေးထားသော အိမ်ရှေ့တွင် သမက်လောင်း လျှောက်လွှာလက်ခံသည်…. စသဖြင့် ပျော်ရွှင်စွာ ဆင်နွဲလျှက်ရှိပါသေးတယ်….. ဒါပေမယ့် ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာမှာဖြင့် “ကျီးမနိုးပွဲ” မှာ ဘယ်ဆီဘယ်ဝယ် ရောက်နေလဲဖြင့် မသိနိုင်အောင် ကျီးကန်းလည်းမတွေ့ စာကလေးလည်းမရှိသည့်အပြင် သူများအိမ်က ပစ္စည်းသွားပြီး နေရာရွှေ့ရင်လည်း ကြိမ်ဒဏ်လား ငွေဒဏ်လား တစ်ခုခုတော့ သေချာနေတဲ့အတွက် အဝေးကပဲလွမ်းလိုက်ရတဲ့……. လပြည့်ညနဲ့ ကျီးမနိုးပွဲ အကြောင်းလေးပေါ့ဗျာ……



ဝန်ခံချက် = မြန်မာ့ရိုးရာဆေးမင်ကြောင်နှင့် ထိုးကွင်းမင်ကြောင်များ အကြောင်းကို ဆရာဦးမြ၀င်းရေးသားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စာအုပ်မှ ကိုးကားပြီးဖော်ပြထားပါသည်။

No comments: