Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Saturday, November 7, 2009

တန်ဆောင်မုန်းလပြည့်နေ့ နှင့် သခိုးကြီးည

ဒီအချိန်ဆို သူတို့ပျော်နေကြတော့မယ် ကျွန်တော်ကောင်းကောင်း သိနေပါတယ်လေ…… ကျွန်တော်တို့အိမ်နားမှာ ဘုရားတစ်ဆူရှိတယ် အိမ်ကနေပြီး ဆယ်မိနစ်လောက် လမ်းလျှောက်သွားမယ်ဆိုရင် သမိုင်းဝင် ဆံတော်ရှင်စေတီ တစ်ဆူကိုရောက်သွားမှာပါ။ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်ညတိုင်း ကျွန်တော်တို့မြန်မာ့ရိုးရာ အစဉ်အလာအရ မသိုးသင်္ကန်းများ ရက်လုပ်ကြတယ်….. နောက်တနေ့ မနက်အာရုံတက်တဲ့ အခါမှာ ဘုရားပုထိုးတော်တွေမှာ မသိုးသင်္ကန်းများ ကပ်လျှူကြမှာဖြစ်ပါတယ်… ဒါကြောင့်သူတို့ပျော်နေကြတာပါ…… ရက်ကန်းစင်မှာ ရက်ကန်းယက်ကြမယ့်၊ ပြိုင်ပွဲဝင်ကြမယ့် အမျိုးသမီးလေးတွေပေါ့ ပျော်မယ်ဆိုလည်းပျော်စရာပါပဲလေ….. ရက်ကန်းစင် နာမည်တွေကလည်း လှပလိုက်တာ အမရာ၊ ကိန္နရီ၊ မဒ္ဒီ နှင့် သမ္ဘုလ တို့ပဲဖြစ်ကြပါတယ်…… ပထမဆု၊ ဒုတိယဆု နှင့် တတိယဆု သုံးဆုလည်းချီးမြှင့်ဦးမှာတဲ့….. ဆိုင်းဝိုင်းကြီးကလည်း “လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ ” “ လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်ကကြးသလေလေ” ဆိုတဲ့ “မလေးလက်ခတ်သံ” သီချင်းများနဲ့ ဧည့်ခံသီချင်းများကို ရွာစားကျော်က လက်ကုန်တီးခတ်ပြီး အဆိုတော်ကလည်း မမောနိုင်မပန်း သီဆိုဖျော်ဖြေနေကြတယ်လေ။

နောက်တနေ့ မနက်အာရုံမတက်ခင်မှာ အားလုံးပြီးစီးကြပါတယ်….. သင်္ကန်းရက်သူက ရက်လုပ်ပြီးတဲ့ အခါ တိုင်းထွာပြီး ၀ိနည်းနဲ့ အညီချုပ်လုပ်ကြပါတယ်…. အားလုံးပြီးစီးတဲ့ အခါမှာတော့ ရက်လုပ်ထားတဲ့ သင်္ကန်းတွင် ချည်ကျော်မရှိခြင်း၊ သေသပ်လှပ ကောင်းမွန်ခြင်း၊ ချုပ်ရိုးချုပ်သား ကောင်းမွန်ခြင်း၊ အမြန်ဆုံး နှင့် အကောင်းဆုံး ရက်လုပ်နိုင်တဲ့ အဖွဲ့ကို ပထမဆု၊ ဒုတိယအကောင်းဆုံး အဖွဲ့ကို ဒုတိယဆု နှင့် တတိယအကောင်းဆုံး အဖွဲ့ကို တတိယဆုများ ချီးမြှင့်ပါတယ်…. အာရုံတက်တဲ့အခါမှာတော့ သင်္ကန်းတော်များကို ကပ်လှူပူဇော်မည့် ရုပ်ပွားတော်မြတ်များရှိရာသို့ ရင်ပြင်တော်တလျှောက် သယ်ဆောင်ကြပါတယ်….. သယ်ဆောင်ရာ လမ်းတလျှောက်မှတော့ ပန်းများ၊ ပေါက်ပေါက်များ ကြဲကာ ပူဇော်ကြပါတယ်…..


လပြည့်နေ့ည ရောက်တဲ့အခါမှာတော့ ဆေးပေါင်းခသတဲ့၊ “ကတိသစ္စာများမြဲတဲ့အခါ နွယ်ပင်မြက်ပင်တော် ဆေးဘက်ဝင်တယ်တဲ့” ဆိုလိုတာကတော့ တန်ဆောင်မုန်းလပြည့်နေ့ ညမှာ နတ်က္ခတ်တာရာတွေ စုံလင်တယ်လို့ ကြားဖူးပါတယ်…. ဒီလိုအချိန်မှာ မှန်ကန်တဲ့သစ္စာ စကားကိုဆိုပြီး စားတဲ့အစားအသောက်တွေက ဆေးဖက်ဝင်တယ်လို့ကြားဖူးပါတယ်..... များသောအားဖြင့်တော့ မဇလီဖူးသုပ်စားကြတာကြုံဖူးပါတယ်…… တစ်ချို့တစ်ချို့သော လူငယ်တွေကတော့ ဆေးမင်ကြောင်ထိုးကြသတဲ့….. အစွမ်းထက်ချင် လို့ထိုးတာလား၊ လှချင်လို့ထိုးတာလားတော့ မသိပါဘူး၊ မြန်မာ့သမိုင်းမှာ ဟိုးအရင်ကတည်းက ရှိလာတဲ့ ယဉ်ကျေးမှု့တစ်ရပ်ပါပဲလေ…. ရှေးအခါကတော့ ဆေးမင်ကြောင်၊ ထိုးကွင်းမင်ကြောင်မှ မရှိရင်ယောက်ကျားမပီသဖူးလို့ ပြောကြတာပေါ့…..


“ဆေးနက်ကယ်မှ ဆေးနီ၊ စုံစီထိုးကွင်း
အင်းပါ၊ စက်ပါ၊ တကိုယ်လုံးမှာ
ကျားနှင့် ကြောင်လည်း၊ တတောင်သာငဲ့”

ဟိုးအရင် မြန်မာများသည် ထိုးကွင်းမင်ကြောင်ထိုးရတဲ့ ရည်ရွယ်ချက်ကတော့ ယောက်ကျားပီသကြောင်း ပြသရန် နှင့် အစဉ်အလာအရလည်းကောင်း၊ ယုံကြည်မှု့အရလည်းကောင်း၊ အလှအပအတွက်လည်းကောင်း ထိုးကြတယ်လို့ မှတ်သားဖူးပါတယ်….. မြန်မာရိုးရာ ကိုယ်ခံပညာဖြစ်သော လက်ဝှေ့သတ်ခြင်းကို ထိုးသတ်ကြသည့် ပညာရှင်များကလည်း မြန်မာ့သူရဲကောင်းပီသစွာ ထိုးကွင်းမင်ကြောင်များထိုးကြသည်ပဲ…. ရိုးရာယဉ်ကျေးမှု့ဖြစ်သေား ဆေမင်းကြောင်တွင် စိတ်ဝင်စားဖွယ်များ ကိုအချုပ်အားဖြင့် ဖော်ထုတ်ရမည်ဆိုလျှင် …….
နတ်ကြီးငါးပါးစသော မြင့်မြတ်သော ဆေးတို့ကို ဟင်းသပြဒါးဖြင့် ခါး၏အထက်ပိုင်းတွင် ထိုးသည်ကို အထက်ဆေး၊ ဆေးရိုးကြီးစသော ဆေးမျိုးတို့ကို နွားသည်းခြေနှင့် သတ်ထားသော မင်နက်ဖြင့် ခါးအောက်ပိုင်းတွင် ထိုးနှံသည်ကို အောက်ဆေးဟု အကြမ်းအားဖြင့် ခေါ်၏။
အထက်ဆေးများကို လည်တိုင်၏ တဖက်တချက်တွင် သိကြားရုပ်စစ်တစ်ခု၊ သိကြားရုပ်တုတစ်ခု၊ အလယ်သွင်းထားသေား ဆေးကွင်းနီတစ်ခုစီ။ လည်ဂုတ်ဆံတွင် ဗြဟ္ဗာရုပ်ကို အလယ်သွင်းသည့် ဆေးနီကွင်းတစ်ခု၊ ရင်အုံ နှစ်ဘက်ပေါ်တွင် က,နေသော ဇော်ရုပ်အလယ်သွင်းသည့် ဆေးနီကွင်းတစ်ဖက်တခု၊ အလယ်ဗဟိုရင်ချိုင့်၏ အောက်တည့်တည့်တွင် သူရဿဒီနတ်သမီးရုပ် အလယ်သွင်းသည့်ဆေးကွင်းနီတစ်ခု။
သူရဿဒီရုပ်၏ အောက်ဝမ်းပိုက်နှင့်တည့်တည့် နံစွန်းနှစ်ဘက်တွင် တေရဠ နတ်မင်းကြီးနှင့် ၀ီရဠက နတ်မင်းကြီးတို့ကို တကွင်းတခုစီ အလယ်ထား၍ လည်းကောင်း၊ နံဘေးတည့်တည့် ချိုင်းအောက် တဖက်တချက်တွင် ၀ိရုပက္ခ နှင့် ကုဝေရ နတ်မင်းကြီး တို့ကို တကွင်းတခုစီ အလယ်ထား၍လည်းကောင်း၊ လောကပါလနတ်မင်းကြီးလေးပါပုံ ဆေးနီကွင်းလေးခုကို ထိုးတတ်ကြ၏။

ထို့အတူပင် တောင့်သန်သော ပေါင်တန်တွင် ဂဠုန်ရုပ်၊ နဂါးရုပ်၊ များလူးရုပ်၊ ကြောင်ရုပ်၊ ဂ၀ံရုပ် စသည်တို့ကို အလယ်သွင်း၍ ဆေးရိုးဘီးဖြင့် ထိုးနှံသည့် စိမ်းညှို့ညှို့ မင်ကြောင်များသည်လည်း ရှေးခတ်မြန်မာများကို ခန့်ငြားပြီး၊ ယောက်ကျားပီသကာ တင့်တယ်စေပါသည်။ ထို့အတူပင် နောက်နေ့တွင် ထိုးထားသည့်ဆေးစွမ်း မစွမ်းကိုတော့ဖြင့် စမ်းသပ်သည့်အနေဖြင့် ကျေးရွာများတွင် လေးပင်သည့် ပစ္စည်းများ၊ အိမ်အတွင်းမှာထားသည့် ပစ္စည်းများကို ရွှေ့ပြောင်းထားခြင်းဖြင့် ဆေးစမ်းသပ်ကာ အပျော်သဘော ဆင်နွဲကြပါသည်။



ကျွန်တော်တို့ မွေးဖွားလာတဲ့ အချိန်မှာတော့ ဒီဆေးမင်ကြောင်တွေ မမြင်ရတော့လောက်အောင် ပျောက်ကွယ်သွားပါပြီ…… ဒါပေမယ့်အစဉ်အလာမပျက် အခုချိန်ထိတော့ အစဉ်အလာမပျက်ဆင်နွဲ နေတဲ့ပျော်ပွဲကတော့ “ကျီးမနိုးပွဲ” ပါဗျာ….. လပြည့်ကျော်တစ်ရက်နေ့ ညရောက်ပြီဆိုလျှင်ဖြင့် အမောင်ကာလသားတို့မှာ တစ်ညလုံး ချက်ပြုတ်စားသောက်ကာဖြင့် အသုတ်ဆိုင်များ၊ ကွမ်းယာဆိုင်များ နှင့် ထိုင်ခုံများကို နေရာရွှေ့ပြောင်းကြပါတတ်ကြပါတယ်….. တစ်ခါတလေများဖြင့် လူများများဖြင့် လမ်းမတွင် ညအိပ်ရပ်နားထားသော ကားများကိုပါ တွန်းပြီးတော်တော်ဝေးဝေး သို့ရောက်အောင် ရွှေ့ထားတတ်ပါသေးတယ်….. အပျိုကြီးများနေသောအိမ်ကို အငြိမ့်သဘင်ကြီး မင်းသားအလိုရှိသည်…… သမီးများမွေးထားသော အိမ်ရှေ့တွင် သမက်လောင်း လျှောက်လွှာလက်ခံသည်…. စသဖြင့် ပျော်ရွှင်စွာ ဆင်နွဲလျှက်ရှိပါသေးတယ်….. ဒါပေမယ့် ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာမှာဖြင့် “ကျီးမနိုးပွဲ” မှာ ဘယ်ဆီဘယ်ဝယ် ရောက်နေလဲဖြင့် မသိနိုင်အောင် ကျီးကန်းလည်းမတွေ့ စာကလေးလည်းမရှိသည့်အပြင် သူများအိမ်က ပစ္စည်းသွားပြီး နေရာရွှေ့ရင်လည်း ကြိမ်ဒဏ်လား ငွေဒဏ်လား တစ်ခုခုတော့ သေချာနေတဲ့အတွက် အဝေးကပဲလွမ်းလိုက်ရတဲ့……. လပြည့်ညနဲ့ ကျီးမနိုးပွဲ အကြောင်းလေးပေါ့ဗျာ……



ဝန်ခံချက် = မြန်မာ့ရိုးရာဆေးမင်ကြောင်နှင့် ထိုးကွင်းမင်ကြောင်များ အကြောင်းကို ဆရာဦးမြ၀င်းရေးသားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စာအုပ်မှ ကိုးကားပြီးဖော်ပြထားပါသည်။

ဆရာနီကိုရဲ အလွမ်းပြေ

စာမရေးဖြစ်တာ တော်တော်လေး ကြာသွားတယ်ဗျာ.....ကျွန်တော့်ကျန်းမာရေး မကောင်းတာကြောင့်ပါ.... ဒါပေမယ့် အစ်ကိုတွေ၊ အစ်မတွေ၊ သူငယ်ချင်းတွေ ရဲ့ဘလော့လေးတွေ သွားလည်လိုက်တိုင်း စည်ကားနေကြတာတွေ တွေ့တော့ကိုယ့်ပိုးလည်း ပြန်ထလာပြန်တယ်... ဒါပေမယ့် သိပ်ပြီးနေလို့မကောင်းတဲ့ အချိန်တွေမှာတော့ ကွန်ပျူတာကို အီးမေးသုံးတာက လွဲလို့ဘာမှမလုပ်ဖြစ်ဘူးဗျာ.... အခုတော့ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ကိုယ့်ဘလော့လေးကို ပြန်လည်ပြီးဂရုစိုက်ပါတော့မယ်.... ပစ်ထားဖြစ်တဲ့ အချိန်များမှာလည်း လာလည်သွားတဲ့ သူတွေကိုကျေးဇူးတင်ပါတယ်ဗျာ....


ပြီးတဲ့လက ဆရာနီကိုရဲ ဆုံးသွားတယ်တဲ့ အစ်မမိုးချိုသင်းရဲ့ ဘလော့လေးမှာတွေ့လိုက်တော့ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်ဗျာ.... ကျွန်တော်က သူ့စာအုပ်တွေကို ဖတ်သာဖတ်တာ သူ့ကိုမမြင်ဖူးသေးဘူး.... ကိုယ်ကအကုန်မဖတ်နိုင်တာလည်း ဖြစ်မှာပေါ့.... ဒါပေမယ့် သူ့နာမည်ကို မှတ်မှတ်ရရ ဖြစ်သွားတာက တစ်ခါဖတ်မိသွားကတည်းကပေါ့.... "တစ်သုံးခုနှစ်ရှစ်" ဘာမှန်းတော့မသိဘူးမဟုတ်လား..... ဆရာနီကိုရဲ ရေးတဲ့ဝထ္ထုတိုလေး တစ်ပုဒ်ရဲ့နာမည်ပါဗျာ.....



နောက်တခုက သူ့နာမည်ပေါ့..... အိမ်နာမည်က "ကိုရဲ" လို့ခေါ်တယ်တဲ့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်ထဲမှာပါတယ်.... (ဘယ်စာအုပ်လဲတော့မမှတ်မိတော့ဘူး).... သူ့အမေကို စိတ်ဆိုးတဲ့ အခါ "ငရဲ" လို့ခေါ်တယ်လို့ပြောထားတယ်ဗျာ.... သူစာတွေရေးတော့ ကလောင်နာမည် ပေးဖို့ဆိုပြီး စဉ်းစားတာလေးကိုက တော်တော်သဘောကျသွားတယ်ဗျာ..... အိမ်နာမည် "ကိုရဲ" ကိုအခြေခံပြီးရွေးတော့ ဘာထပ်ထည့်ရမလဲ စဉ်းစားတဲ့အခါ "ကကြီး" "အ" အထိက အစဉ်လိုက် ရေးပြီး တစ်လုံးချင်းစီကို ထည့်ကြည့်ရတယ်လို့ ဖတ်ခဲ့ဖူးတယ်...."ကကိုရဲ" "ကျောက်ကိုရဲ" "ကြောင်ကိုရဲ" "ချစ်ကိုရဲ" "ချမ်းကိုရဲ" "ဂကိုရဲ" စဖြင့်ပေါ့......နောက်ဆုံးတော့ သူ့နာမည်က "နီကိုရဲ" ဖြစ်သွားတယ်.....


နောက်ပြီး သူကျောင်းတတ်တဲ့အခါ (တက္ကသိုလ်ကျောင်း) သူတက်တဲ့ မေဂျာတဲ့ ရုက္ခဗေဒ ဘာသာရပ်ပါတဲ့.... သူ့ကိုယ်သူလည်းတော်တော် အံသြမိတယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ အပင်တွေအကြောင်းကို သင်ရလို့ပါတဲ့.... သူငယ်ငယ်ကတည်းက ဒီအတိုင်း ရေမဆေးပဲ ကိုက်စားလာတဲ့ သခွားသီးမှာ ရေဓါတ်က ဘယ်လောက်ပါတယ်.... ဘာကဘယ်လောက် ညာကဘယ်လောက်နဲ့ တော်တော်စိတ်ညစ်စရာပါလို့လည်း ငြီးပြသွားပါသေးတယ်....


နောက်တော့ စာမေးပွဲဖြေတဲ့အခါ ဆရာမအယောက်လေးဆယ်ကျော် စောင့်တဲ့ကြားထဲမှာ သူတစ်ယောက်တည်း သွားပြီးဖြေရတယ်ဆိုတာတော့ တော်တော်သနားသွားတယ်ဗျာ.... ဘာဖြစ်လို့လဲ၊ ဘာလို့သနားတာလဲဆိုတော့ စာမေးပွဲခန်းထဲမှာက စာဖြေကျောင်းသားက သူတစ်ယောက်တည်း...... ပြီးတော့သူ့လွယ်အိတ်ကို သူ့ရှေ့ကခုံပေါ်မှာတင်ထားတာတောင် ဘာမှကြည့်လို့မရအောင် ဆရာမလေးဆယ်ကျော်.... မျက်လုံး ရှစ်ဆယ်ကျော်ရဲ့ စောင့်ကြည့်မှု့အောက်မှာ ဘယ်လိုဖြေမလဲဆိုတာ တွေးတာကြည့်ပေတော့ဗျာ....


ကျွန်တော်မှတ်မိသမျှလေးတွေပါဗျာ.... မှတ်မိသမျှလေးတွေကို ကျွန်တော်ပြန်ရေးတာ အလွမ်းပြေပါ.... အရေအတွက်နဲ့ စာသားမညီညွတ်တာလေးတွေ လွဲချော်နိုင်ပါတယ်ဗျာ.... ခွင့်လွတ်ပေးကြပါလို့ ကြိုတင်တောင်းပန်ပါတယ်.... ကိုနီကိုရဲ.... ဘယ်မေဂျာကို တက်ခဲ့လဲ.... တကယ်ပဲ ရုက္ခဗေဒ ကိုတက်ခဲ့လားဆိုတာကတော့ အစ်မမိုးချိုသင်း တို့ကိုပြန်ပြီး မေးရင်ရနိုင်မယ်ထင်ပါတယ်ဗျာ.... ကိုယ်ချစ်တဲ့ စာရေးဆရာတစ်ယောက် ဆုံးရှုံးသွားလို့ ၀မ်းနည်းပါတယ်.... မိသားစု အတွက်လည်း ပြန်လည်အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုပါဗျာ....

Friday, July 17, 2009

ငယ်ငယ်တုန်းက အာဇာနည်နေ့

အာဇာနည်နေ့ကို ရောက်တော့မယ်ဆိုတော့ ငယ်ငယ်တုန်းက အာဇာနည်နေ့ကို သတိရမိတယ်။ မမေ့အပ်သော နေ့တွေထဲမှာ အာဇာနည်နေ့ ကထိပ်ဆုံးကပါတယ်။ ကျွန်တော် ငယ်ငယ်တည်းက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စတာတွေထက် အာဇာနည်နေ့ဆိုတာကို အရင်ဆုံး မှတ်မိနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာဇာနည်နေ့ရောက်ရင် အလေးပြု ရတော့မယ်ဆိုတာကို သိနေတယ်လေ။ နေ့လည် ၁၀း၃၇ အချိန်ရောက်တာနဲ့ မြန်မာ့အသံကနေပြီးတော့ ဥသြ ဆွဲတော့တာပဲ ဒီအချိန်မှာဆို ကျွန်တော်ဘာလုပ်နေနေ အလေးပြုတော့တာပေါ့။ ငယ်ငယ်တုန်းက အာဇာနည်နေ့တိုင်း အလေးပြုခဲ့ဘူးပါတယ်။ လေးငါးနှစ်လောက်ဆက်တိုက်ဖြစ်မယ်ထင်ပါတယ်လေ။

တကယ်တမ်းမှတ်မိနေတာ တစ်နေ့ပဲရှိတော့တယ် ကျန်တာတွေကို စဉ်းစားလို့မရတော့ဘူး။ အဲဒီမှတ်မိနေတဲ့နေ့လေးက ကျွန်တော်က အခန်းထဲက ဖေဖေ မေမေတို့ အိပ်ယာပေါ်မှာ ကစားနေတယ်။ ကျွန်တော်တို့အိမ်မှာ အဲဒီအချိန်က ရေဒီယို မရှိသေးဘူး ကျွန်တော်တို့ ခေါင်းရင်းကအိမ်မှာ ရေဒီယို ရှိတယ်။ ကျွန်တော်သိလိုက်တာက ဖေဖေ နဲ့ မေမေ ကလှမ်းကစကားပြောတာ အာဇာနည်နေ့အတွက် ဥသြဆွဲပြီတဲ့ သားလေး ထထ အလေးပြုလိုက်တဲ့။ ကျွန်တော် ငယ်ငယ်စစ်သား အရမ်းဖြစ်ချင်ခဲ့တာပါ အလေးပြုတယ်ဆိုတာ ကျွန်တော်ကျွမ်းကျင်တဲ့ အလုပ်ပဲ။ ကျွန်တော်ငယ်ငယ်က စစ်တပ်ထဲလိုက်သွားပြီး လျှောက်လည်တဲ့အခါ စစ်ခရာနဲ့ အလေးပြုနေတာတွေ့တော့ ပိုပြီးဝါသနာပါတယ်။ ဒါကြောင့်ကျွန်တော်လည်းထပြီး အလေးပြုလိုက်တာပေါ့ တကယ်တော့ အဲဒီအချိန်တုန်းက အာဇာနည်နေ့ဆိုတာ ဘယ်လောက်စိတ်ထိခိုက် ပြီးနာကြည်းစရာကောင်းတယ်ဆိုတာ အသက်ငယ်သေးတဲ့ ကျွန်တော်မသိသေးပါဘူး နောင်နှစ်တွေမှာလည်း ဘာမှန်းမသိပေမယ့် အလေးပြုတာတော့မပျက်ကွက်ပါဘူး။ နောက်တော့မှ မိဘတွေပြောပြတာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နေ့တဲ့ ဒါကြောင့်မိုလို့ အလေးပြု လို့ရအောင် မြန်မာ့အသံ ကဥသြဆွဲပေးတယ်လို့ ရှင်းပြပါတယ်။ ကျွန်တော် က အသက် ၄ နှစ် ၅ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ ဒါပေမယ့် အာဇာနည်နေ့ ရောက်တိုင်းကျွန်တော် မမေ့တော့ပါဘူး အခုအချိန်အထိလည်း ကျွန်တော် မှတ်မိနေဆဲပါပဲ။

ကျွန်တော်တို့ အသက်အရွယ်တွေက အာဇာနည်နေ့ကို မမေ့ကြပါဘူးလေ။ ဒါပေမယ့် မမေ့ကြတာ အကြောင်းအမျိုးအမျိုး ကြောင့်ဖြစ်နိုင်ပါတယ် ကိုယ့်တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားလို့၊ အာဇာနည်နေ့ဆို ရုံးပိတ်မယ်၊ ကျောင်းပိတ်မယ် ဈေးပိတ်မယ်ပေါ့ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် သတိရနေသေးတာကောင်းပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ က ဇူလိုင် ၁၉ ရက်ဖြစ်တယ်ဆိုတာလောက်ပဲ သတိထားမိနေသေးတာတော့ဝမ်းနည်းမိတယ်။ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေထဲက တိုင်းပြည်အတွက် အရမ်းအရေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ခေါင်းဆောင်ကြီးတွေ အကြောင်းကို တချို့လူငယ်တွေမသိကြတော့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော် စိတ်မကောင်း တော်တော် ဖြစ်သွားတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အသိအစ်ကိုကြီးတစ်ယောက်က သူ့ရုံးကကောင်မေလေးနှစ်ယောက် ကိုမေးဖူးတယ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဘာနေ့လဲဆိုတော့ ပြည်ထောင်စုနေ့တဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဘာနေ့လဲဆိုတော့ ချစ်သူများနေ့တဲ့ သိတယ်ဗျာ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကဘာနေ့လဲ လို့မေးတော့ အဲဒီကောင်မလေးနှစ်ယောက်က ခေါင်းကုတ်သွားပြီး "အင်း သိတော့သိတယ် .... စိုင်းစိုင်းမွေးနေ့လား ထွန်းထွန်း(Example) ရဲ့မွေးနေ့လား မမှတ်မိတော့ဘူး" တဲ့ ကောင်းရောဗျာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အာဇာနည်နေ့ ကိုရုံးပိတ်လို့ပဲဖြစ်ဖြစ် ကျောင်းပိတ်လို့ပဲ ဖြစ်ဖြစ်မှတ်မိနေသေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ကျွန်တော်ကတော့ အာဇာနည်နေ့ ရောက်တိုင်း ၀မ်းနည်းကြေကွဲမိတာ အမှန်ပါပဲဗျာ။

Tuesday, July 14, 2009

ကျွန်တော် နှင့် ဘောလုံးပွဲ


ဟိုတနေ့ က သူငယ်ချင်းတွေက ဘောလုံးပွဲအကြောင်းပြောကြတော့ ကိုယ်က ဘာမှမသိတော့ သူတို့ စကားဝိုင်းထဲ ၀င်မပြောနိုင်ဘူးဖြစ်နေတယ်။ သူငယ်ချင်းတွေ အားလုံးက ဘောလုံးပွဲကို စိတ်ဝင်စားကြတယ်။ သူတို့က ဘောလုံးပွဲစဉ်တွေ အားကစားသမားတွေအားလုံးကို သိတယ်လေ။တကယ်တော့ ဘောလုံးကန်တယ် ဆိုတာ ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လိမ်လိုက်ခေါက်လိုက်နဲ့ မကစားတတ်ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင် မကစားတတ်ဘူးဆိုပေမယ့် လုံးဝမကစားဘူးတော့မဟုတ်ဘူး။ အရင်တုန်းကတော့ တစ်ခါတစ်လေ အဖော်ကောင်းတဲ့အခါ ဘောလုံးကစားဖြစ်ပါတယ်။ အားကစားလုပ်တာ ကျန်းမာရေး ကောင်းတယ်လို့အများက ပြောကြတယ်၊ ဒါပေမယ့် အားကစားဆိုတာကလည်း အားလို့ကစားတာ၊ ကျန်းမာရေးအတွက် ကစားတာ၊ ၀ါသနာပါလို့ ကစားတာ စသဖြင့်ပေါ့ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ပိုက်ကျော်ခြင်းနဲ့ ကြက်တောင်ရိုက်တာကို သေချာကစားဖြစ်ပါတယ်။ ဘောလုံးကတော့ ကိုယ်မကျွမ်းကျင်တဲ့ ကစားနည်းဖြစ်တော့ သူငယ်ချင်းတွေများများနဲ့ အဖော်ကောင်းရင်တော့ ကစားဖြစ်တယ်။ ဘောလုံးပွဲ အကြောင်းလည်း သိပ်နားမလည်းဘူး ဘယ်သူကဘယ်အသင်းကလည်း ဆိုတာလည်း မသိဘူး၊ ဘယ်ကစားကွက်လည်းဆိုတာလည်း မသိပါဘူး၊ဘောလုံးပွဲလည်း မကြည့်ဖြစ်ပါဘူး။ ယောက်ကျားလေးဖြစ်ပြီး ဘောလုံးအကြောင်းနားမလည်ရမလားလို့ အပြစ်တင်လည်း ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ဟိုတနေ့က ရတနာပုံ ဘောလုံးအသင်း ပထမရသွားတယ်ဆိုလို့ ၀မ်းသာမိတယ်။ ၀မ်းသာရတဲ့ အကြောင်းအရင်းကတော့ ပိုင်ရှင်က ကျွန်တော့် အစ်မ တစ်ယောက်ရဲ့ မိတ်ဆွေ ဖြစ်လို့လဲပါတယ်။ ကိုယ့်အစ်မ ရဲ့မိတ်ဆွေ ဆိုတော့ ကိုယ်လည်းမသိစိတ်က အနိုင်ရစေချင်နေတယ်လေ။

အခုပြန်ပြီး သတိရလို့ ကျွန်တော်တို့ ပါဝင်ခဲ့တဲ့ ဘောလုံးပွဲ အကြောင်းပြောရဦးမယ်၊ သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ လိုက်သွားပြီး ကစားဖြစ်ခဲ့တာပါ။ "အလွတ်တန်း ဘောလုံးပြိုင်ပွဲ" ဆိုတော့ ကိုယ့်တွေလို ၀ါသနာရှင်တွေ ပဲလာပြီးကစားမယ်ထင်ခဲ့တာလည်းပါတယ်။ တကယ့်ကိုအပျော်ပဲဆိုပြီး ၀င်ပြီးစာရင်းပေးလိုက်ကြတာပေါ့။ ဘောလုံးပွဲ ကစားတော့မယ်ဆိုတော့ လေ့ကျင့်ကြရပြီလေ။ မနက်မနက်ဆို တက္ကသိုလ် လောလုံးကွင်းကိုသွားကြပြီး ၀တ်စုံပြည့်နဲ့ လေ့ကျင့်ကြတာ၊ ၀တ်စုံပြည့်နဲ့လေကျင့်ရတာလည်း အကြောင်းရှိတယ်၊ ဘယ်သူမှ ဘောလုံးကို ဘောကန်ဖိနပ်နဲ့ ကောင်းကောင်းမကန် တတ်ဘူး။ ဒါကြောင့် ဘယ်သူတွေ ဘာပြောပြောကိုယ်တွေ ကတော့ ကိုယ့်ဖာသာကိုယ်တောင် မနည်းချော်မလဲအောင် လုပ်ရတော့တာပေါ့။ ကွင်းထဲရောက်မှ ဖိနပ်မနိုင်လို့ ချော်မလဲမှာ စိုးလို့ လေ့ကျင့်တာနဲ့ ဘောလုံးတောင်ကောင်းကောင်း မလေ့ကျင့်နိုင်တော့ဘူး။ လေ့ကျင့်တာကနည်းနည်းပါ ခဏကစားပြီး နားနေလိုက် အအေးသောက်လိုက် သံပုရာသီးစားလိုက်နဲ့ အဆင်ကိုပြေလို့။ လေ့ကျင့်ခန်းက မနက်ပိုင်းလုပ်တယ်။ညနေပိုင်းက ဘီယာသောက်ကြတယ် မနက်ဖြန်အတွက် ကစားကွက်တွေကို ဆွေးနွေးကြတာ ဆိုပြီးခေါင်းစဉ်တပ်လိုက်တာပေါ့။

ဒီလိုနဲ့ ဘောလုံးကန်မယ့်ရက်ကို ရောက်ဖို့ တစ်ပတ်လောက်ပဲ ကျန်တော့တယ်။ အဲဒီမှာ ဒိုင်လူကြီးတွေဆီကို ပိုက်ပိုက်စုပြီး ရောက်အောင်သွားရတော့တာပဲ။ ကိုယ့်အသင်းအခြေအနေကို ကိုယ်တွေကအသိဆုံးလေ။ ဒိုင်လူကြီးတွေကို သွားပြီး ဖားရတော့တာပေါ့၊ သွားပြီးညှိရတော့တာပေါ့ ဖိုင်နယ်မရောက်ရင်နေ ပထမဦးဆုံးပွဲလေး နိုင်ရင်တော်ပြီပေါ့။ ကွင်းလယ်ဒိုင်က တစ်ပုံး၊ စည်းကြပ်ဒိုင် နှစ်ယောက်ကို ငါးပုလင်းဆီ လောက်ကန်တော့ လိုက်တယ်။ဒီတော့မှ ဒိုင်လူကြီးတွေက ပြောတယ် ဘောလုံးကို ၁၈ ကိုက်ထဲ (ပင်နယ်တီဧရိယာ) ထဲရောက်အောင် ဆွဲလာခဲ့ ပြီးရင် လှဲချလိုက် ပင်နယ်တီပေးမယ်။ တခြားအသင်းသားတွေကိုလည်း လူကျွံဘောတွေဖမ်းပေးမယ်၊ ပြစ်ဒဏ်ခဏခဏ ပေးမယ်ပေါ့။ တကယ်တန်းကန်လည်းကန်ရော စမ်းချောင်းလူငယ် အသင်းနဲ့တွေ့တာ တဖက်အသင်း ကလည်းကောင်းသလားမမေးနဲ့ နေ့တိုင်းကန်နေကြတဲ့။ တဖက်အသင်းက ကောင်းလွန်းတော့ ကျွန်တော်တို့မှာ ၁၈ ကိုက်ထဲမပြောနဲ့ ကိုယ့်အသင်းဘက်ခြမ်းကနေတောင် ကျော်အောင်မနည်းကန်ရတယ်။

ဒါပေမယ့် အသင်းအုပ်ချုပ်သူက ဘယ်လောက်တော်သလဲမမေးနဲ့ ကိုယ့်လူတွေက နည်းနည်းမောတာနဲ့ လှဲလှဲ ချနေတော့ သူကလည်းတော်တောင်နာလို့လှဲတယ်ထင်နေပြီး လက်ထဲ မှာကိုင်ထားတဲ့ ဒဏ်ကြေလိမ်းဆေးနဲ့ လာလာဖြန်းရတာ ဘောလုံးကန်သလောက်မောတယ်တဲ့ဗျာ။ နောက်ဆုံး မိနစ် ၉၀ ပြီးအောင်တောင် သေမလောက်ကစားလိုက်ရတယ်၊ ကျွန်တော်ဆို ကိုယ့်ကိုယ်ကို သေပြီတောင်ထင်တာ နားထဲကလေတွေထွက်ပြီး မျက်လုံးတွေဆိုပြာ နေတာပဲ။ နောက်ဆုံးပွဲပြီးသွားတော့မှ ခြေထောက်တွေကနာ လက်တွေကနာ ပြီး တကိုယ်လုံးလဲ ထုံနေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းအုပ်ချုပ်တဲ့ ကိုယ်တော်ကြီးက သူလာလာဖြန်းပေးတာထုံဆေးပါတဲ့ဗျာ။ ကဲကောင်းကြသေးရဲ့လား ကျွန်တော်ကတော့ဘောလုံးကိုစိတ်နာတာ အဲဒီကတည်းကပါဗျာ။ ကျွန်တော်ကို ကြေးစားဘောလုံးပြိုင်ပွဲမှာ ငှါးမယ့်အသင်းပိုင်ရှင်တွေ ကိုသနားလို့ ဘောလုံးကို လှည့်ကိုမကြည့်တော့တာပါဗျာ...... အဲဒီတော့ဒီကောင်ဘောလုံးပွဲ အကြောင်းမသိတာ ဘာဆန်းလဲနော်...

(သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တုန်းက အကြောင်းကိုသတိရမိလို့ပါ )

Tuesday, June 9, 2009

"လိမ္မော်သီးနှင့် အိမ်စာ"


ငယ်ငယ်တုန်းက ကြုံခဲ့တာလေးတွေပါ။ ငယ်ငယ်တုန်းက ကျောင်းစတက်တဲ့နေမှာ ကြုံခဲ့တာလေးတွေပါ။ ငယ်ငယ်တုန်းက တော်တော် တုံးတယ်လို့ပြောကြတယ်။ အခုလည်း တုန်းနေဆဲပါ။ အဲဒီတုန်းက လိမ္မော်သီးကို ဘယ်လိုစားရမလဲ မသိဘူးတဲ့။ ဘယ်လိုဖြစ်တယ် ဆိုတာပြောပြမယ်နော်။

ငယ်ငယ်တုန်းက ပထမဦးဆုံးနေ့ ကျောင်းသွားတက်တော့ မေမေက လိမ္မော်သီး ထည့်ပေးလိုက်တယ်။ အဲဒါကို အခွံမခွာတတ်တာ။ လိမ္မော်သီးကို ပန်းသီးလို အောက်မေ့ ပြီးတော့ ကိုက်စားလိုက်တာ။ မျက်လုံးထဲကို အရည်တွေဝင်ပြီး ငိုရတာပေါ့။ ပြန်လာတော့ မေမေကို စိတ်ကောက်ပြီး အပြစ်တောင်တင်သေးဆိုပဲ။ စားလို့မရတဲ့ အသီး ထည့်ပေးလိုက်ရပါမလားဆိုပြီး စိတ်လည်း ကောက်သေးတယ်တဲ့။ လိမ္မော်သီမှာလည်း သွားရာကြီးက အထင်းသားပဲတဲ့။

နောက်ပြီး ရှိသေးတယ်။ အိမ်စာလုပ်ခဲ့ရမယ်လို့ဆရာမက ပြောလိုက်တယ်။ အိမ်စာဆိုတာ ဘာမှန်းကို မသိသေးတာပါ။ သူငယ်တန်းစတက်တဲ့ နေ့မှာပေါ့။ အဲဒီနေ့က မိုးတွေရွာတယ်။ ဟီးဟီး.... (ဆရာအကြည်တော် တို့ နီကိုရဲ တို့ သုံးနေကြစကားပါ။) တကယ်လည်း ရွာမယ်ထင်တယ်။ မမှတ်မိတော့ဘူး။ အိမ်ပြန်ရောက်တော့ စိတ်ညစ်ညစ်နဲ့ လက်သမားငှားဖို့ဖေဖေကို ပူဆာတော့တာပေါ့။ အိမ်ဆောက်တာလည်း မကြာသေးတော့ လက်သမားတွေ အိမ်ဆောက်တာကိုသိတော့ လက်သမားဆရာ ခေါ်ပေးပါ ဘာညာပေါ့။ နောက်မှမိဘတွေက ရှင်းပြမှသိတာ၊ အိမ်စာကို ကိုယ်က အိမ်သာ လို့ကြားလိုက်တာလေ။ ဒီလိုနဲ့ပဲ ကျောင်းစတက်တဲ့ ပထမဦးဆုံးနေ့ကိုစတင်မိတ်ဆက်မိပါတော့တယ်။