Showing posts with label ငယ်ငယ်တုန်းက. Show all posts
Showing posts with label ငယ်ငယ်တုန်းက. Show all posts

Friday, July 17, 2009

ငယ်ငယ်တုန်းက အာဇာနည်နေ့

အာဇာနည်နေ့ကို ရောက်တော့မယ်ဆိုတော့ ငယ်ငယ်တုန်းက အာဇာနည်နေ့ကို သတိရမိတယ်။ မမေ့အပ်သော နေ့တွေထဲမှာ အာဇာနည်နေ့ ကထိပ်ဆုံးကပါတယ်။ ကျွန်တော် ငယ်ငယ်တည်းက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စတာတွေထက် အာဇာနည်နေ့ဆိုတာကို အရင်ဆုံး မှတ်မိနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာဇာနည်နေ့ရောက်ရင် အလေးပြု ရတော့မယ်ဆိုတာကို သိနေတယ်လေ။ နေ့လည် ၁၀း၃၇ အချိန်ရောက်တာနဲ့ မြန်မာ့အသံကနေပြီးတော့ ဥသြ ဆွဲတော့တာပဲ ဒီအချိန်မှာဆို ကျွန်တော်ဘာလုပ်နေနေ အလေးပြုတော့တာပေါ့။ ငယ်ငယ်တုန်းက အာဇာနည်နေ့တိုင်း အလေးပြုခဲ့ဘူးပါတယ်။ လေးငါးနှစ်လောက်ဆက်တိုက်ဖြစ်မယ်ထင်ပါတယ်လေ။

တကယ်တမ်းမှတ်မိနေတာ တစ်နေ့ပဲရှိတော့တယ် ကျန်တာတွေကို စဉ်းစားလို့မရတော့ဘူး။ အဲဒီမှတ်မိနေတဲ့နေ့လေးက ကျွန်တော်က အခန်းထဲက ဖေဖေ မေမေတို့ အိပ်ယာပေါ်မှာ ကစားနေတယ်။ ကျွန်တော်တို့အိမ်မှာ အဲဒီအချိန်က ရေဒီယို မရှိသေးဘူး ကျွန်တော်တို့ ခေါင်းရင်းကအိမ်မှာ ရေဒီယို ရှိတယ်။ ကျွန်တော်သိလိုက်တာက ဖေဖေ နဲ့ မေမေ ကလှမ်းကစကားပြောတာ အာဇာနည်နေ့အတွက် ဥသြဆွဲပြီတဲ့ သားလေး ထထ အလေးပြုလိုက်တဲ့။ ကျွန်တော် ငယ်ငယ်စစ်သား အရမ်းဖြစ်ချင်ခဲ့တာပါ အလေးပြုတယ်ဆိုတာ ကျွန်တော်ကျွမ်းကျင်တဲ့ အလုပ်ပဲ။ ကျွန်တော်ငယ်ငယ်က စစ်တပ်ထဲလိုက်သွားပြီး လျှောက်လည်တဲ့အခါ စစ်ခရာနဲ့ အလေးပြုနေတာတွေ့တော့ ပိုပြီးဝါသနာပါတယ်။ ဒါကြောင့်ကျွန်တော်လည်းထပြီး အလေးပြုလိုက်တာပေါ့ တကယ်တော့ အဲဒီအချိန်တုန်းက အာဇာနည်နေ့ဆိုတာ ဘယ်လောက်စိတ်ထိခိုက် ပြီးနာကြည်းစရာကောင်းတယ်ဆိုတာ အသက်ငယ်သေးတဲ့ ကျွန်တော်မသိသေးပါဘူး နောင်နှစ်တွေမှာလည်း ဘာမှန်းမသိပေမယ့် အလေးပြုတာတော့မပျက်ကွက်ပါဘူး။ နောက်တော့မှ မိဘတွေပြောပြတာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နေ့တဲ့ ဒါကြောင့်မိုလို့ အလေးပြု လို့ရအောင် မြန်မာ့အသံ ကဥသြဆွဲပေးတယ်လို့ ရှင်းပြပါတယ်။ ကျွန်တော် က အသက် ၄ နှစ် ၅ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ ဒါပေမယ့် အာဇာနည်နေ့ ရောက်တိုင်းကျွန်တော် မမေ့တော့ပါဘူး အခုအချိန်အထိလည်း ကျွန်တော် မှတ်မိနေဆဲပါပဲ။

ကျွန်တော်တို့ အသက်အရွယ်တွေက အာဇာနည်နေ့ကို မမေ့ကြပါဘူးလေ။ ဒါပေမယ့် မမေ့ကြတာ အကြောင်းအမျိုးအမျိုး ကြောင့်ဖြစ်နိုင်ပါတယ် ကိုယ့်တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားလို့၊ အာဇာနည်နေ့ဆို ရုံးပိတ်မယ်၊ ကျောင်းပိတ်မယ် ဈေးပိတ်မယ်ပေါ့ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် သတိရနေသေးတာကောင်းပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ က ဇူလိုင် ၁၉ ရက်ဖြစ်တယ်ဆိုတာလောက်ပဲ သတိထားမိနေသေးတာတော့ဝမ်းနည်းမိတယ်။ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေထဲက တိုင်းပြည်အတွက် အရမ်းအရေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ခေါင်းဆောင်ကြီးတွေ အကြောင်းကို တချို့လူငယ်တွေမသိကြတော့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော် စိတ်မကောင်း တော်တော် ဖြစ်သွားတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အသိအစ်ကိုကြီးတစ်ယောက်က သူ့ရုံးကကောင်မေလေးနှစ်ယောက် ကိုမေးဖူးတယ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဘာနေ့လဲဆိုတော့ ပြည်ထောင်စုနေ့တဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဘာနေ့လဲဆိုတော့ ချစ်သူများနေ့တဲ့ သိတယ်ဗျာ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကဘာနေ့လဲ လို့မေးတော့ အဲဒီကောင်မလေးနှစ်ယောက်က ခေါင်းကုတ်သွားပြီး "အင်း သိတော့သိတယ် .... စိုင်းစိုင်းမွေးနေ့လား ထွန်းထွန်း(Example) ရဲ့မွေးနေ့လား မမှတ်မိတော့ဘူး" တဲ့ ကောင်းရောဗျာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အာဇာနည်နေ့ ကိုရုံးပိတ်လို့ပဲဖြစ်ဖြစ် ကျောင်းပိတ်လို့ပဲ ဖြစ်ဖြစ်မှတ်မိနေသေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ကျွန်တော်ကတော့ အာဇာနည်နေ့ ရောက်တိုင်း ၀မ်းနည်းကြေကွဲမိတာ အမှန်ပါပဲဗျာ။