အာဇာနည်နေ့ကို ရောက်တော့မယ်ဆိုတော့ ငယ်ငယ်တုန်းက အာဇာနည်နေ့ကို သတိရမိတယ်။ မမေ့အပ်သော နေ့တွေထဲမှာ အာဇာနည်နေ့ ကထိပ်ဆုံးကပါတယ်။ ကျွန်တော် ငယ်ငယ်တည်းက လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စတာတွေထက် အာဇာနည်နေ့ဆိုတာကို အရင်ဆုံး မှတ်မိနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာဇာနည်နေ့ရောက်ရင် အလေးပြု ရတော့မယ်ဆိုတာကို သိနေတယ်လေ။ နေ့လည် ၁၀း၃၇ အချိန်ရောက်တာနဲ့ မြန်မာ့အသံကနေပြီးတော့ ဥသြ ဆွဲတော့တာပဲ ဒီအချိန်မှာဆို ကျွန်တော်ဘာလုပ်နေနေ အလေးပြုတော့တာပေါ့။ ငယ်ငယ်တုန်းက အာဇာနည်နေ့တိုင်း အလေးပြုခဲ့ဘူးပါတယ်။ လေးငါးနှစ်လောက်ဆက်တိုက်ဖြစ်မယ်ထင်ပါတယ်လေ။
တကယ်တမ်းမှတ်မိနေတာ တစ်နေ့ပဲရှိတော့တယ် ကျန်တာတွေကို စဉ်းစားလို့မရတော့ဘူး။ အဲဒီမှတ်မိနေတဲ့နေ့လေးက ကျွန်တော်က အခန်းထဲက ဖေဖေ မေမေတို့ အိပ်ယာပေါ်မှာ ကစားနေတယ်။ ကျွန်တော်တို့အိမ်မှာ အဲဒီအချိန်က ရေဒီယို မရှိသေးဘူး ကျွန်တော်တို့ ခေါင်းရင်းကအိမ်မှာ ရေဒီယို ရှိတယ်။ ကျွန်တော်သိလိုက်တာက ဖေဖေ နဲ့ မေမေ ကလှမ်းကစကားပြောတာ အာဇာနည်နေ့အတွက် ဥသြဆွဲပြီတဲ့ သားလေး ထထ အလေးပြုလိုက်တဲ့။ ကျွန်တော် ငယ်ငယ်စစ်သား အရမ်းဖြစ်ချင်ခဲ့တာပါ အလေးပြုတယ်ဆိုတာ ကျွန်တော်ကျွမ်းကျင်တဲ့ အလုပ်ပဲ။ ကျွန်တော်ငယ်ငယ်က စစ်တပ်ထဲလိုက်သွားပြီး လျှောက်လည်တဲ့အခါ စစ်ခရာနဲ့ အလေးပြုနေတာတွေ့တော့ ပိုပြီးဝါသနာပါတယ်။ ဒါကြောင့်ကျွန်တော်လည်းထပြီး အလေးပြုလိုက်တာပေါ့ တကယ်တော့ အဲဒီအချိန်တုန်းက အာဇာနည်နေ့ဆိုတာ ဘယ်လောက်စိတ်ထိခိုက် ပြီးနာကြည်းစရာကောင်းတယ်ဆိုတာ အသက်ငယ်သေးတဲ့ ကျွန်တော်မသိသေးပါဘူး နောင်နှစ်တွေမှာလည်း ဘာမှန်းမသိပေမယ့် အလေးပြုတာတော့မပျက်ကွက်ပါဘူး။ နောက်တော့မှ မိဘတွေပြောပြတာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နေ့တဲ့ ဒါကြောင့်မိုလို့ အလေးပြု လို့ရအောင် မြန်မာ့အသံ ကဥသြဆွဲပေးတယ်လို့ ရှင်းပြပါတယ်။ ကျွန်တော် က အသက် ၄ နှစ် ၅ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ ဒါပေမယ့် အာဇာနည်နေ့ ရောက်တိုင်းကျွန်တော် မမေ့တော့ပါဘူး အခုအချိန်အထိလည်း ကျွန်တော် မှတ်မိနေဆဲပါပဲ။
ကျွန်တော်တို့ အသက်အရွယ်တွေက အာဇာနည်နေ့ကို မမေ့ကြပါဘူးလေ။ ဒါပေမယ့် မမေ့ကြတာ အကြောင်းအမျိုးအမျိုး ကြောင့်ဖြစ်နိုင်ပါတယ် ကိုယ့်တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားလို့၊ အာဇာနည်နေ့ဆို ရုံးပိတ်မယ်၊ ကျောင်းပိတ်မယ် ဈေးပိတ်မယ်ပေါ့ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် သတိရနေသေးတာကောင်းပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ က ဇူလိုင် ၁၉ ရက်ဖြစ်တယ်ဆိုတာလောက်ပဲ သတိထားမိနေသေးတာတော့ဝမ်းနည်းမိတယ်။ အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေထဲက တိုင်းပြည်အတွက် အရမ်းအရေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ခေါင်းဆောင်ကြီးတွေ အကြောင်းကို တချို့လူငယ်တွေမသိကြတော့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော် စိတ်မကောင်း တော်တော် ဖြစ်သွားတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အသိအစ်ကိုကြီးတစ်ယောက်က သူ့ရုံးကကောင်မေလေးနှစ်ယောက် ကိုမေးဖူးတယ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဘာနေ့လဲဆိုတော့ ပြည်ထောင်စုနေ့တဲ့၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဘာနေ့လဲဆိုတော့ ချစ်သူများနေ့တဲ့ သိတယ်ဗျာ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကဘာနေ့လဲ လို့မေးတော့ အဲဒီကောင်မလေးနှစ်ယောက်က ခေါင်းကုတ်သွားပြီး "အင်း သိတော့သိတယ် .... စိုင်းစိုင်းမွေးနေ့လား ထွန်းထွန်း(Example) ရဲ့မွေးနေ့လား မမှတ်မိတော့ဘူး" တဲ့ ကောင်းရောဗျာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အာဇာနည်နေ့ ကိုရုံးပိတ်လို့ပဲဖြစ်ဖြစ် ကျောင်းပိတ်လို့ပဲ ဖြစ်ဖြစ်မှတ်မိနေသေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ ကျွန်တော်ကတော့ အာဇာနည်နေ့ ရောက်တိုင်း ၀မ်းနည်းကြေကွဲမိတာ အမှန်ပါပဲဗျာ။
Friday, July 17, 2009
ငယ်ငယ်တုန်းက အာဇာနည်နေ့
Tuesday, July 14, 2009
ကျွန်တော် နှင့် ဘောလုံးပွဲ
ဟိုတနေ့ က သူငယ်ချင်းတွေက ဘောလုံးပွဲအကြောင်းပြောကြတော့ ကိုယ်က ဘာမှမသိတော့ သူတို့ စကားဝိုင်းထဲ ၀င်မပြောနိုင်ဘူးဖြစ်နေတယ်။ သူငယ်ချင်းတွေ အားလုံးက ဘောလုံးပွဲကို စိတ်ဝင်စားကြတယ်။ သူတို့က ဘောလုံးပွဲစဉ်တွေ အားကစားသမားတွေအားလုံးကို သိတယ်လေ။တကယ်တော့ ဘောလုံးကန်တယ် ဆိုတာ ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လိမ်လိုက်ခေါက်လိုက်နဲ့ မကစားတတ်ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင် မကစားတတ်ဘူးဆိုပေမယ့် လုံးဝမကစားဘူးတော့မဟုတ်ဘူး။ အရင်တုန်းကတော့ တစ်ခါတစ်လေ အဖော်ကောင်းတဲ့အခါ ဘောလုံးကစားဖြစ်ပါတယ်။ အားကစားလုပ်တာ ကျန်းမာရေး ကောင်းတယ်လို့အများက ပြောကြတယ်၊ ဒါပေမယ့် အားကစားဆိုတာကလည်း အားလို့ကစားတာ၊ ကျန်းမာရေးအတွက် ကစားတာ၊ ၀ါသနာပါလို့ ကစားတာ စသဖြင့်ပေါ့ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ပိုက်ကျော်ခြင်းနဲ့ ကြက်တောင်ရိုက်တာကို သေချာကစားဖြစ်ပါတယ်။ ဘောလုံးကတော့ ကိုယ်မကျွမ်းကျင်တဲ့ ကစားနည်းဖြစ်တော့ သူငယ်ချင်းတွေများများနဲ့ အဖော်ကောင်းရင်တော့ ကစားဖြစ်တယ်။ ဘောလုံးပွဲ အကြောင်းလည်း သိပ်နားမလည်းဘူး ဘယ်သူကဘယ်အသင်းကလည်း ဆိုတာလည်း မသိဘူး၊ ဘယ်ကစားကွက်လည်းဆိုတာလည်း မသိပါဘူး၊ဘောလုံးပွဲလည်း မကြည့်ဖြစ်ပါဘူး။ ယောက်ကျားလေးဖြစ်ပြီး ဘောလုံးအကြောင်းနားမလည်ရမလားလို့ အပြစ်တင်လည်း ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ဟိုတနေ့က ရတနာပုံ ဘောလုံးအသင်း ပထမရသွားတယ်ဆိုလို့ ၀မ်းသာမိတယ်။ ၀မ်းသာရတဲ့ အကြောင်းအရင်းကတော့ ပိုင်ရှင်က ကျွန်တော့် အစ်မ တစ်ယောက်ရဲ့ မိတ်ဆွေ ဖြစ်လို့လဲပါတယ်။ ကိုယ့်အစ်မ ရဲ့မိတ်ဆွေ ဆိုတော့ ကိုယ်လည်းမသိစိတ်က အနိုင်ရစေချင်နေတယ်လေ။
အခုပြန်ပြီး သတိရလို့ ကျွန်တော်တို့ ပါဝင်ခဲ့တဲ့ ဘောလုံးပွဲ အကြောင်းပြောရဦးမယ်၊ သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ လိုက်သွားပြီး ကစားဖြစ်ခဲ့တာပါ။ "အလွတ်တန်း ဘောလုံးပြိုင်ပွဲ" ဆိုတော့ ကိုယ့်တွေလို ၀ါသနာရှင်တွေ ပဲလာပြီးကစားမယ်ထင်ခဲ့တာလည်းပါတယ်။ တကယ့်ကိုအပျော်ပဲဆိုပြီး ၀င်ပြီးစာရင်းပေးလိုက်ကြတာပေါ့။ ဘောလုံးပွဲ ကစားတော့မယ်ဆိုတော့ လေ့ကျင့်ကြရပြီလေ။ မနက်မနက်ဆို တက္ကသိုလ် လောလုံးကွင်းကိုသွားကြပြီး ၀တ်စုံပြည့်နဲ့ လေ့ကျင့်ကြတာ၊ ၀တ်စုံပြည့်နဲ့လေကျင့်ရတာလည်း အကြောင်းရှိတယ်၊ ဘယ်သူမှ ဘောလုံးကို ဘောကန်ဖိနပ်နဲ့ ကောင်းကောင်းမကန် တတ်ဘူး။ ဒါကြောင့် ဘယ်သူတွေ ဘာပြောပြောကိုယ်တွေ ကတော့ ကိုယ့်ဖာသာကိုယ်တောင် မနည်းချော်မလဲအောင် လုပ်ရတော့တာပေါ့။ ကွင်းထဲရောက်မှ ဖိနပ်မနိုင်လို့ ချော်မလဲမှာ စိုးလို့ လေ့ကျင့်တာနဲ့ ဘောလုံးတောင်ကောင်းကောင်း မလေ့ကျင့်နိုင်တော့ဘူး။ လေ့ကျင့်တာကနည်းနည်းပါ ခဏကစားပြီး နားနေလိုက် အအေးသောက်လိုက် သံပုရာသီးစားလိုက်နဲ့ အဆင်ကိုပြေလို့။ လေ့ကျင့်ခန်းက မနက်ပိုင်းလုပ်တယ်။ညနေပိုင်းက ဘီယာသောက်ကြတယ် မနက်ဖြန်အတွက် ကစားကွက်တွေကို ဆွေးနွေးကြတာ ဆိုပြီးခေါင်းစဉ်တပ်လိုက်တာပေါ့။
ဒီလိုနဲ့ ဘောလုံးကန်မယ့်ရက်ကို ရောက်ဖို့ တစ်ပတ်လောက်ပဲ ကျန်တော့တယ်။ အဲဒီမှာ ဒိုင်လူကြီးတွေဆီကို ပိုက်ပိုက်စုပြီး ရောက်အောင်သွားရတော့တာပဲ။ ကိုယ့်အသင်းအခြေအနေကို ကိုယ်တွေကအသိဆုံးလေ။ ဒိုင်လူကြီးတွေကို သွားပြီး ဖားရတော့တာပေါ့၊ သွားပြီးညှိရတော့တာပေါ့ ဖိုင်နယ်မရောက်ရင်နေ ပထမဦးဆုံးပွဲလေး နိုင်ရင်တော်ပြီပေါ့။ ကွင်းလယ်ဒိုင်က တစ်ပုံး၊ စည်းကြပ်ဒိုင် နှစ်ယောက်ကို ငါးပုလင်းဆီ လောက်ကန်တော့ လိုက်တယ်။ဒီတော့မှ ဒိုင်လူကြီးတွေက ပြောတယ် ဘောလုံးကို ၁၈ ကိုက်ထဲ (ပင်နယ်တီဧရိယာ) ထဲရောက်အောင် ဆွဲလာခဲ့ ပြီးရင် လှဲချလိုက် ပင်နယ်တီပေးမယ်။ တခြားအသင်းသားတွေကိုလည်း လူကျွံဘောတွေဖမ်းပေးမယ်၊ ပြစ်ဒဏ်ခဏခဏ ပေးမယ်ပေါ့။ တကယ်တန်းကန်လည်းကန်ရော စမ်းချောင်းလူငယ် အသင်းနဲ့တွေ့တာ တဖက်အသင်း ကလည်းကောင်းသလားမမေးနဲ့ နေ့တိုင်းကန်နေကြတဲ့။ တဖက်အသင်းက ကောင်းလွန်းတော့ ကျွန်တော်တို့မှာ ၁၈ ကိုက်ထဲမပြောနဲ့ ကိုယ့်အသင်းဘက်ခြမ်းကနေတောင် ကျော်အောင်မနည်းကန်ရတယ်။
ဒါပေမယ့် အသင်းအုပ်ချုပ်သူက ဘယ်လောက်တော်သလဲမမေးနဲ့ ကိုယ့်လူတွေက နည်းနည်းမောတာနဲ့ လှဲလှဲ ချနေတော့ သူကလည်းတော်တောင်နာလို့လှဲတယ်ထင်နေပြီး လက်ထဲ မှာကိုင်ထားတဲ့ ဒဏ်ကြေလိမ်းဆေးနဲ့ လာလာဖြန်းရတာ ဘောလုံးကန်သလောက်မောတယ်တဲ့ဗျာ။ နောက်ဆုံး မိနစ် ၉၀ ပြီးအောင်တောင် သေမလောက်ကစားလိုက်ရတယ်၊ ကျွန်တော်ဆို ကိုယ့်ကိုယ်ကို သေပြီတောင်ထင်တာ နားထဲကလေတွေထွက်ပြီး မျက်လုံးတွေဆိုပြာ နေတာပဲ။ နောက်ဆုံးပွဲပြီးသွားတော့မှ ခြေထောက်တွေကနာ လက်တွေကနာ ပြီး တကိုယ်လုံးလဲ ထုံနေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းအုပ်ချုပ်တဲ့ ကိုယ်တော်ကြီးက သူလာလာဖြန်းပေးတာထုံဆေးပါတဲ့ဗျာ။ ကဲကောင်းကြသေးရဲ့လား ကျွန်တော်ကတော့ဘောလုံးကိုစိတ်နာတာ အဲဒီကတည်းကပါဗျာ။ ကျွန်တော်ကို ကြေးစားဘောလုံးပြိုင်ပွဲမှာ ငှါးမယ့်အသင်းပိုင်ရှင်တွေ ကိုသနားလို့ ဘောလုံးကို လှည့်ကိုမကြည့်တော့တာပါဗျာ...... အဲဒီတော့ဒီကောင်ဘောလုံးပွဲ အကြောင်းမသိတာ ဘာဆန်းလဲနော်...
(သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တုန်းက အကြောင်းကိုသတိရမိလို့ပါ )
Wednesday, July 1, 2009
ပြုံးရယ်စရာဟာသ (၁)
Customer : ကျွန်တော့်ကွန်ပျူတာ ဘာဖြစ်သွားလဲမသိဘူး
Technician: ဟုတ်ကဲ့ ဘယ်လိုဖြစ်သွားတာလဲ ခင်ဗျာ ကျွန်တော်ကြည့်လိုက်ဦးမယ်။ Power မ၀င်တော့ဘူး ဖြစ်နေတယ်။
Customer : ဟုတ်လား ဘာမှတော့အမှား မလုပ်မိပါဘူး။
Technician: ဒီမှာ Power Supply က 110 Volt ဖြစ်နေတယ်လေ၊ 110 Volt ပြောင်းလိုက်လို့လောင်သွားတာပါ။
Customer : ဘာကွ 110 Volt ပြောင်းလိုက်လို့ လောင်သွားတာဟုတ်လား၊
Technician: ဟုတ်ပါတယ်၊ မီးအားက 220 Volt သုံးတာလေ။
Customer : မင်းက ငါ့ကို ငတုံး ထင်လို့လား၊ ငါမီးအားကို ကြည့်ပြီးပြီ 90 Volt ပဲဝင်တယ်ကွ။
(၂) Screen Saver ထည့်ပေးပါ
Customer: မောင်လေး အစ်မရဲ့ ကွန်ပျူတာမှာ Screen Saver ထည့်ပေးပါနော်။
Technician: ဟုတ်ကဲ့ အစ်မ ဘယ်ကွန်ပျူတာမှာ ထည့်ပေးရမှာလဲ။
Customer: အစ်မ အခုယူလာခဲ့တယ်......ခဏနော်.....သွားယူလိုက်ဦးမယ်..
Technician: ဟုတ်ကဲ့ပါ။
Customer: ရော့.....မောင်လေး ဒီကွန်ပျူတာထဲမှာ ထည့်ပေးနော်။
Technician:အာ.... အစ်မ ဒီဟာက မော်နီတာလေ... Screen Saver ဆိုတာက PC ထဲမှာ Install လုပ်ရတာလေ။
Customer: မဟုတ်ပါဘူး အစ်မက Screen Saver ကို ဒီမော်နီတာ မှာပဲပေါ်ချင်တာလေ....
(၃) နီကေးဝေါ်
တစ်ခါတုန်းကပေါ့ Computer Center တစ်ခုမှာ တရုတ်လူမျိုး တစ်ယောက်ကွန်ပျူတာ လာဝယ်ပါတယ်။ Sales Center ကအရောင်းစာရေးမလေး တစ်ယောက်က တရုတ်လို နည်းနည်းတတ်တယ်လေ။ ဟိုတရုတ်လူမျိုးကလည်း အင်္ဂလိပ်လို မပြောနိုင်တော့ သူ့ကိုပဲအားကိုးရတော့တာပေါ့။
ကွန်ပျူတာကို စိတ်ကြိုက်ဝယ်ပြီးတော့ ပိုက်ဆံရှင်းတဲ့ အခါမှ တရုတ်လိုတတ်တဲ့ အရောင်းစာရေးမလေး ရဲ့စကားကြောင့် တရုတ်လူမျိုးကြီးနားမလည်နိုင်တော့တာပေါ့။ အရောင်းစာရေးမလေး ပြောလိုက်တာက....
"နီကေးဝေါ် တန်း အစိမ်း"
တရုတ်ကြီးလည်း နားမလည်ဘူးပေါ့ ဘာတွေပြောလည်း မသိဘူးလို့ပြောတယ်။ စာရေးမလေးကလည်း သူပြောတာနားမလည်ရကောင်းလားပေါ့...ထပ်ပြောတယ်....
"နီကေးဝေါ် တန်း အစိမ်း"
"နီကေးဝေါ် တန်း အစိမ်း"
အမှန်တော့ သူပြောလိုက်တာက "ငါ့ကို ဆယ်ဒေါ်လာ ပေးပါ" လို့ပြောလိုက်တာပါ။ မြန်မာနိုင်ငံ ရဲ့ ဘန်းစကားနဲ့ တရုတ်လူမျိုးအစစ်နဲ့ တွေ့သွားလို့ နားမလည်တော့တာပေါ့။
နီကေးဝေါ် = ငါ့ကိုပေးပါ
တန်း = ၁၀
အစိမ်း = ဒေါ်လာ
(တရုတ်လို အသံထွက်မှားရင်ပြင်ပေးကြပါနော်)
(ကျွန်တော် ကွန်ပျူတာစင်တာ မှာ အလုပ်လုပ်တုန်းက ကြုံခဲ့တာလေးတွေပါ)
Tuesday, June 23, 2009
ဖိတ်စာ နှင့် သော့ချိတ်

သူငယ်ချင်းတွေ အကြောင်းကတော့ ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေပါပြီ။ သူတို့ကလည်း သူတို့ပဲ ပြောစရာလေးတွေ ကျန်ခဲ့အောင်ကို ဖြစ်ကြတာပေါ့။ သူငယ်ချင်းတစ်ယောက် ရဲ့ မင်္ဂလာဆောင်မှာ သွားပြီး သောင်းကျန်းခဲ့တာတွေကို ရေးခဲ့ပြီးတော့ အခု နောက်တစ်ယောက်ပေါ့။ သူ့နာမည်က မယ်ဒယ်ဘွိုင်း ထင်ရှား။ မော်ဒယ် သင်တန်းတက်ပြီး အချစ်ဂျာနယ်မှာတောင် ပါခဲ့ပါသေးတယ်။ တကယ်ပြောတာ မော်ဒယ်ပါဆို..... သူ့မင်္ဂလာမဆောင်ခင် ရက်ပိုင်းအလိုလောက်လေးက အမှတ်တရလေးပေါ့။
သူတို့ နှစ်ယောက်က ကြယ်ငါးပွင့်ဖူးစာပါ။ ဘာဖြစ်လို့လည်းဆိုတော့ မော်ဒယ်ဘွိုင်းရဲ့ အစ်ကိုက သွင်းကုန်၊ ထုတ်ကုန် အေးဂျင့်ပေါ့။ ဒါကြောင့် သူလည်း စထုံးနောက်ယောင်ပါ ဆိုသလို သဘောင်္တင်သွင်းမယ့် ကိစ္စတွေ အတွက် ဒီရုံးကို ချောင်းမရှိပဲ ချောင်းဖြစ်အောင် သွားရတယ်။ အဲဒီမှာ စတွေ့တာပဲ...... သူ့ကောင်မလေးကို ပြောတာ။
သူတို့ သမီးရည်းစား ဖြစ်သွားပြီး ချစ်သမျှမှာ ကိုယ်က ကန့်လန့်ကန့်လန့် နဲ့သွားလေရာကို ပါတယ်လေ။ သူတို့ကလည်း သမီးရည်းစား မဖြစ်ခင်ကတည်းက ကိုယ့်သူငယ်ချင်းကို ဘာဖြစ်ဖြစ် တိုင်ပင်တယ်လေ။ ဒီလိုနဲ့ ချစ်သူသက်တမ်း တစ်နှစ်ခန့်တွင် မင်္ဂလာဆောင်ကြ လေတော့သတည်းပေါ့။
မင်္ဂလာဆောင်တော့မယ် ဆိုတော့ သူငယ်ချင်းတွေကိုလည်း ဘယ်သူကဘာလုပ်ရမယ် ညာလုပ်ရမယ် စသည်ဖြင့် အားလုံးကို မော်ဒယ်ဘွိုင်းက တာဝန်တွေလည်းပေးပြီးပြီ။ သူ့မင်္ဂလာဆောင်မှာ သတို့သား သတို့သမီး စီးမယ့်ကားက ဒီကမောင် တာဝန်ကျတယ်။ သူတို့ကို ကြိုမယ်ပို့မယ် မင်္ဂလာဆောင်မှာ စီစဉ်စရာတွေကိုလည်း တောက်တိုမယ်ရ တာဝန်မှုး ဖြစ်သွားပါတယ်။ သူတို့ကမင်္ဂလာခန်းမ ငှါးတာ ပန်းအလှပြင်တာ တီဝိုင်းငှါးတာတွေကို အားလုံး လုပ်ပြီးသားပါ။ မင်္ဂလာဆောင်မယ့် နေ့ရောက်တဲ့အခါ မှာသာ သူငယ်ချင်းက လိုအပ်တာတွေ ၀ိုင်းဝန်းလုပ်ပေးရုံ သက်သက်ပါ။
ပြောချင်တာက မင်္ဂလာမဆောင်ခင် ရက်ပိုင်းအလိုမှာပေါ့ ကျွန်တော်တို့အိမ်နားမှာ မီးလောင်ပါတယ်။ မီးလောင်တာက အိမ်သုံးလုံးလောက်ပဲ ပါသွားတာပါ။ ဒါပေမယ့် မီးသတ်ကားက အစီးနှစ်ဆယ်လောက် ရောက်လာပါတယ်။ ရေကားတွေတောင် ပါသေးတယ် မီးသတ်ကားက ရေကုန်သွားရင် နောက်က ရေကားတွေနဲ့ တွဲပြီး ပက်ရအောင်လေ။ လာတာလည်း မပြောနဲ့လေ မီးသတ်ဦးစီးဌာနနေ့ ကနောက်နေ့ဆိုတော့ မီးသတ်ဌာနတိုင်းမှာ ချက်ပြုတ်နေကြတာလေ ဘယ်သူမှမအိပ်သေးဘူးတဲ့။ မီးလောင်တယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်က အဘွားကို ကားပေါ်တင်ပြီး ဟိုးဘက်လမ်းမကြီးရဲ့ အပြင်မှာ သွားရပ်ထားရတယ်။ ကျွန်တော့် အဒေါ်တွေဆို ကားပေါ်ကို တင်ပေးလိုက်တာ အဖိုးတန်တာဆိုလို့ ဖုန်းတွေပဲပါတယ်။ ကျန်တာတွေက လျှော်မယ့် တောင်းထဲက ၀တ်ပြီးသားတွေနဲ့ အိမ်နေရင်း အဟောင်းတွေချည်းပဲ။
ဒါနဲ့ ကိုယ်လည်း မတတ်နိုင်တော့ဘူး လောင်လည်းလောင်ပါစေတော့ ဆိုပြီးစိတ်လျော့ပြီး အိမ်မှာကျန်တာလေးတွေကို ပြန်စောင့်မယ်ပေါ့။ ကျွန်တော့် ဘကြီးနဲ့ ဦးလေးတွေကတော့ အိမ်မှာ စောင့်နေကြတယ်လေ။ အိမ်ကိုပြန်စောင့်တာ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကနေပြီး ဘာပစ္စည်းမှ မသယ်နိုင်ဘူးလေ။ ကျွန်တော့်အဒေါ်ဆို အိမ်ဆောက်ထားတာ အချောသတ်တုန်းရှိသေးတယ်။ သူ့အိမ်လေးတော့ မီးထဲပါတော့မှာပဲဆိုပြီး ရွတ်လိုက်တဲ့ ပရိတ်ဆိုတာ သီလရှင်တောင် ငိုသွားနိုင်တယ်။
ကိုယ့်အိမ်ပြီးတော့ သူငယ်ချင်း မော်ဒယ်ဘွိုင်းရဲ့ အိမ်ကလည်း ကိုယ့်အိမ်နဲ့ လေးငါးလုံးလောက်ပဲ ခြားတော့ သွားကူညီဦးမယ်ပေါ့။ သူတို့အိမ်မှာက ကားက နှစ်စီးရှိတယ် သူ့ညီလေးက ကားတွေ ကို အပြင်လမ်းမ ကိုထုတ်ပြီးတော့ သူအမေနဲ့ အဖေကလည်း စာရွက်စာတမ်းတွေနဲ့ အရေးကြီးတာတွေကို သယ်ရတာပေါ့။ မီးလောင်တာက သူတို့အိမ်ရဲ့ နောက်ဖက်လမ်းက မျက်စောင်းထိုးလောက်မှာ ရှိတယ်လေ ပိုနီးတယ်။ အဲဒီအချိန်မှာ အားလုံးထွက်လာပြီးပြီ သူကဘာတွေသယ်နေလဲဆိုတော့ အရေးအကြီးဆုံး ပစ္စည်းတွေ သွားသယ်နေတာတဲ့။ နောက်တော့ မီးကငြိမ်းသွားပါတယ် မီးသတ်ကားတွေ အများကြီးနဲ့ ငြှိမ်းလိုက်တာဆိုတော့ တော်သေးတာပေါ့။ မီးငြိမ်းသွားပြီးမှ မေးကြည့်တော့ ဘာတွေအရေးတကြီး အသက်စွန့်ပြီး ၀င်သယ်နေတာလဲလို့မေးတော့။ သူ့ထုံးစံအတိုင်း ပြုံးပြုံးလေးပြန်ဖြေပါတယ်...
ဖိတ်စာနဲ့ သောချိတ်ပါတဲ့ဗျာ။ သူ့မင်္ဂလာဆောင်ကို ဖိတ်စာတချို့ ဝေပြီးသွားလို့ အပျက်မခံနိုင်ပါဘူးတဲ့ဗျာ။
(သူ့မိန်းမ ကိုယ်ဝန်ရှိတော့ ကျွန်တော်က အားရှိအောင် အစားအစာတစ်ခု လိုက်ကျွေးဖူးပါတယ်။ ကျွန်တော့်ကို အမေကိုယ်ဝန်ရှိတုန်းက တရုတ်ဆေးနဲ့ ၀က်မြှီးနဲ့ ပေါင်းပြီးစားတာ အားရှိတယ်လို့ပြောလို့ သူ့မိန်းမကို ကျွန်တော် ဆိုင်မှာလိုက်ပြီး ၀က်ြမှီးဝယ်ကျွေးခဲ့ဘူးတယ်။ သူ့ကလေးမွေးတော့ အားရှိတဲ့ ယောက်ကျားလေးဖြစ်တဲ့ အပြင်ဆော့လိုက်တာမှာ ၀က်မြှီးလိုပဲ ငြိမ်ငြိမ်ကို နေဘူးတဲ့.....)
Thursday, June 18, 2009
ကလေးအနှီး ပဲလျှော်မယ်

“ဟေ့ကောင် သွားမယ်လေကွာ နောက်ကျတော့မယ် မင်္ဂလာဆောင်မှာက မင်းလား ဟိုကောင်လား မင်းကပိုလှချင်နေတယ်” လို့ သူငယ်ချင်း တစ်ယောက်က လှမ်းပြောမှ ကျွန်တော်လည်း မြန်မြန်ဆန်ဆန် အ၀တ်အစား ၀တ်လိုက်ပြီး အိမ်မှထွက်လိုက်တယ်။ သွားမှာက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပါ။ မင်္ဂလာဆောင်မည့် သူငယ်ချင်းက သူ့ကောင်မလေးကို ဘယ်လိုရအောင် ယူခဲ့ရတယ်ဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်္ဂလာဆောင်မယ့် သူငယ်ချင်းတွေက ဇင်မင်းဦး နှင့် စိုးယုမော်ပါ။
ရုပ်ရှင်တွေထဲက အတိုင်းကို သေချာ စီစဉ်ရတာဗျာ။ (နောက်မှ သေချာ အသေးစိတ်ရေးမယ်နော်) သူတို့ မင်္ဂလာဆောင်တော့ သတို့သားရဲ့ အမေက ကျွန်တော်တို့ကို ပြောပါတယ်ဗျာ “သားတို့ မင်္ဂလာဆောင်တယ် ဆိုတာ ဘယ်လောက်တောင် ပင်ပန်းလည်း တွေ့တယ်မဟုတ်လား” တဲ့။ ကျွန်တော်တို့က သူ့အမေကို ပြန်ပြီး ပြောလိုက်ပါတယ် ဟုတ်တယ်အန်တီရယ် မင်္ဂလာဆောင်တာ သူငယ်ချင်းတွေ အရမ်းပင်ပန်းတာပဲလို့ ဒီကောင် မင်္ဂလာသာဆောင်တာ၊ မိန်းမသာယူတာ ဘာမှ မပင်ပန်းလိုက်ဘူး ပင်ပန်းတာက ကျွန်တော်တို့ သူငယ်ချင်းတွေပါ။
ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာဆောင်တဲ့ သတို့သားလောင်း ဆိုတော့ ဘာမှမလုပ်ရဘူးပေါ့။ မနက်မိုးလင်းထဲက ကျွန်တော်တို့က စောစောရောက်အောင် သွားပြီး လုပ်စရာရှိတာတွေ အကုန်ဝိုင်း လုပ်ပေးရတာပေါ့။ ပြောရဦးမယ် ကိုယ့်အကြောင်းကိုယ် သူငယ်ချင်းတွေထဲမှာ ကားမှန်သမျှကို ကောင်းကောင်း မောင်းပေးနိုင်တာက ဒီအီဖေကိုယ်ပေါ့။ မင်္ဂလာဆောင်တဲ့ သူငယ်ချင်းရဲ့ ကားက ပုံမှန် ဆလွန်းကား မဟုတ်ဘူးလေ နည်းနည်းကြီးတယ် Town Ace လိုပုံစံမျိုးဆိုတော့ နည်းနည်းကြီးတယ်ပေါ့၊ Town Ace ထက်တောင်နည်းနည်းကြီးတယ် ပစ်ကပ် ပေါ့။ ဒီတော့ ဒီမောင် အလှည့်ကျတာပေါ့။ သူတို့အမျိုးတွေနဲ့ သယ်စရာရှိတာတွေကို သူ့ကားနဲ့သယ်တာပေါ့။
မင်္ဂလာဆောင် ပြီးတော့လည်း အားလုံးဝိုင်းဝန်းပြီး ပစ္စည်းတွေ အိမ်ကို သယ်တော့လည်း ကျွန်တော်တို့ အဖွဲ့ပေါ့ ဒါပေမယ့် ညနေပိုင်း ဒုတိယပိုင်း ၄၅ မိနစ်ကတော့ ကိုယ်တို့အဖွဲ့ပဲ ဆက်ကစားမယ်ပေါ့ ဟဲဟဲ…….. သူ့မိဘတွေကလည်း အိမ်မှာပဲ ညစာစားပွဲလေး လုပ်လိုက်ပေါ့၊ သူငယ်ချင်းတွေက ဘာဘာညာညာတွေ သောက်ချင်လည်း သောက်လို့ရအောင် စီစဉ်ပေးမယ်တဲ့၊ သောက်ချင်တာ ဟိုကောင်တွေပေါ့ ကိုယ်ကတော့ သူတို့တိုက်လို့သာ သောက်ရတာ ဘာကြီးမှန်းကိုမသိဘူး အခုထိလည်းမသိသေးဘူး ဒါကြောင့်သာ သူတို့တိုက်တိုင်း သောက်နေတာ အခုထိလည်း ဘာမှန်းမသိသေးပါဘူး။
သောက်ချင်တဲ့ သူငယ်ချင်းတွေရှိတော့ ညနေပိုင်း ဧည့်ခံရတာပေါ့ သောက်ချင်တဲ့ သူငယ်ချင်းတွေဆိုတာ အောင်ကို၊ အောင်မျိုးဇော်၊အောင်သူရ၊ စိုးပိုင် တို့ပေါ့…… သောက်လည်း သောက်ကျရော အောင်မလေး လက်တွေက မီးပွိုင့်တပ်ပြီး မော်တော်ပီကယ် ခေါ်ထားရမလားပဲ၊ သောက်လိုက်တာလည်း စုံလို့ပါပဲ ကိုကြီးကျော်နဲ့တောင် သယ်ရင်း ဖြစ်သွားတယ်။ ဇင်မင်းဦး အိမ်ကလည်း စီစဉ်ပေးတာ စားလို့သောက်လို့ ကောင်းမှကောင်းဗျာ၊ ငါးကို အထဲမှာ အစာသွတ် ပြီးကင်ပေးတာတောင်ပါတယ် စားသောက်ဆိုင်ထက် မသာလျှင်တောင်မှ မညံ့ထက်လက်ရာတွေနဲ့ စားလိုက်သောက်ကြတာ နောက်ဆုံး ဘယ်လောက်အထိ ကောင်းလဲဆို သူငယ်ချင်း အောင်ကို ကဆို ငါဒီကောင့် ကားပေါ်မှာပဲ လေလေးတဖြူးဖြူးနဲ့ အိပ်တော့မယ်ဆိုလို့ မနည်းတင်ခေါ်ပြီး အိပ်ပြန်ပို့ခဲ့ ရတယ်။ အမှန်တော့ သတို့သားကို မူးအောင်တိုက်ရင်းနဲ့ ကိုယ်တွေမူးသွားတာပါ ဟိုကောင်က စိတ်က မာတယ်လေ မူးကိုမမူးတာ။
နောက်နေ့ မနက်မိုးလင်းတော့ အောင်ကိုအိမ်ကိုသွားပြီး လဘက်ရည်ဆိုင် သွားဖို့ခေါ်တော့ အိပ်ချင်မူးတူးနဲ့ နောက်ဆို အရက်တွေ ဘီယာတွေ ဘယ်တော့မှ မသောက်တော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး ဆယ်ရက် လောက်လည်းနေရော ဘီယာဆိုရင်တော့ မဆိုးဘူးကွ အရက်ကတော့ တော်တော်ခံရခက်တယ်လို့ပြောပါရော……
(သူငယ်ချင်းတွေ အတွက်အမှတ်တရပါ အခု ဘီယာတွေ အရက်တွေမသောက်တော့ပဲ ကလေး အနှီးတွေပဲလျှော်နေတယ်လို့ နောက်ဆုံးသတင်းရပါတယ်ခင်ဗျာ)